News

POST TYPE

NEWS

မတ်တူးယာဉ်ကို လုယူရန် ကြံစည်သည့် အမျိုးသားအား ဈေးသည်များက ဝိုင်းဖမ်း
16-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ပြင်စာကျေးရွာအနီးတွင် ခရီးသည် အယောင်ဆောင် အမျိုးသားတစ်ဦးက မတ်တူးယာဉ်အား လုယူရန် ကြံစည်နေသဖြင့် အနီးရှိဈေးသည်များက ယင်းအမျိုးသားကို လုံးထွေးဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူ စည်သူလွင် (၂၄ နှစ်)မှာ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက မန္တလေးချယ်ရီမြေ အငှားယာဉ်ဂိတ်ရှိ မတ်တူးယာဉ်တစ်စီးကို ကျပ်နှစ်သောင်းဖြင့်ငှား၍ ပြင်ဦးလွင်သို့လိုက်ပို့ခိုင်းခဲ့ပြီး ပြင်စာကျေးရွာအနီးအရောက်တွင် ၎င်းက ယာဉ်ကိုရပ်ခိုင်းခဲ့သည်။

မတ်တူးယာဉ်မောင်းက ယာဉ်အားရပ်ပေးစဉ် စည်သူလွင်က ယာဉ်ပေါ်မှဆင်း၍ လမ်းဘေးရှိ ကျောက်ခဲကိုကောက်ယူပြီး ယာဉ်မောင်းအမျိုးသားကို ခဲဖြင့်ထုမည့်ဟန်ပြုကာ ကားသော့ပေးရန် ခြိမ်းခြောက်ပြောဆို တောင်းယူစဉ် ယာဉ်မောင်းက ယာဉ်တံခါးဖွင့်လိုက်သဖြင့် စည်သူလွင်မှာ တံခါးနှင့်တိုက်မိပြီး လမ်းပေါ်လဲကျခဲ့သည်။

ယင်းနောက် မတ်တူးယာဉ်မောင်းက အော်ဟစ်အကူအညီတောင်းသဖြင့် အနီးရှိဈေးဆိုင်များမှ ဈေးသည်များရောက်ရှိလာပြီး စည်သူလွင်ကို လုံးထွေးဖမ်းဆီး၍ ရဲတပ်ဖွဲ့ထံ အပ်ခဲ့သောကြောင့် ပြင်စာနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၆ (ခြောက်လှန့်တောင်းယူမှု) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03