News

POST TYPE

NEWS

H1N1 ကြောင့် သေဆုံးသူ ဆက်တိုး
15-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၅

မြန်မာနိုင်ငံတစ်ဝန်း ရာသီတုပ်ကွေးရောဂါ (Influenza A(H1N1)pdm09) ကြောင့် သေဆုံးသူ ဆက်လက်ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလ ၁၃ ရက်နေ့အထိ စာရင်းများအရ H1N1 ဓာတ်ခွဲစစ်ဆေးသူဦးရေ ၁၆၇၆ ဦး၊ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ ၇၁၆ ဦးနှင့် ဓာတ်ခွဲအတည်ပြုသေဆုံးသူ ၁၁၂ ဦးရှိပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင်မူ ရောဂါဖြစ်ပွားမှုမရှိကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲထံမှ သိရသည်။

အဆိုပါရောဂါဖြစ်ပွားမှုသည် အသက် ၁၅ နှစ်မှ ၆၅ နှစ်အရွယ်တို့တွင် ၅၈ ရာခိုင်နှုန်း၊ အသက် ၁ နှစ်မှ ၅ နှစ်အရွယ်တို့တွင် ၁၄ ရာခိုင်နှုန်း၊ အသက် ၆၅ နှစ်အထက်တွင် ၉ ရာခိုင်နှုန်း၊ အသက် ၅ နှစ်မှ ၁၅ နှစ်အရွယ်တို့တွင် ၁၂ ရာခိုင်နှုန်းနှင့် အသက် ၁ နှစ်အောက်တွင် ၇ ရာခိုင်နှုန်းဖြစ်ပွားကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

H1N1 ကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၆၈ ဦး၊ နေပြည်တော်တွင် ၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၄ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၀ ဦး၊ ကချင်ပြည်နယ်တွင် ၁ ဦး၊ ရခိုင်ပြည်နယ်တွင် ၂ ဦး၊ မကွေးတိုင်းဒေသကြီးတွင် ၄ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄ ဦး၊ မွန်ပြည်နယ်တွင် ၃ ဦး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ၁ ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁ ဦး သေဆုံးကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရာသီတုပ်ကွေးရောဂါသည် တုပ်ကွေးလက္ခဏာများအပြင် အဖျားကြီးခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူခက်ခြင်း၊ သတိလစ်ခြင်းနှင့် ဂနာမငြိမ်ဖြစ်ခြင်း စသည့်လက္ခဏာများ ဖြစ်ပွားနိုင်ပြီး ယင်းရောဂါကြောင့် သေဆုံးသူများသည် အသက်အရွယ်ကြီးသူများ၊ အသက်ငယ်သူများ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်း ရောဂါစသည့် နာတာရှည်ရောဂါအခံရှိသူများဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီဌာနက အသိပေးကြေညာထားသည်။  

J-12