News

POST TYPE

NEWS

မြို့တော်ဝန် တောင်းဆိုမှုကြောင့် ဇေကမ္ဘာဝင်းအတွင်း ပိတ်ထားသည့် လမ်းများကို ပြန်လည်ဖွင့်လှစ်
15-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၄

မင်္ဂလာဒုံဥယျဉ်မြို့တော် (ဇေကမ္ဘာဝင်းအတွင်း) လမ်းများ ပြုပြင်ရန်ဟုဆိုကာ ခေတ္တပိတ်ထားသည့် လမ်းများကို ရန်ကုန်မြို့တော်ဝန်နှင့် ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌတို့ ညှိနှိုင်းမှုများအရ စက်တင်ဘာ ၁၄ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ရန်ကုန်မြို့တော်ဝန်က မင်္ဂလာဒုံ ဥယျာဉ်မြို့တော်အတွင်းရှိ ယာဉ်အိုယာဉ်ဟောင်းများ၊ ကျူးကျော်များနှင့် လမ်းဘေးဈေးသည်များကို ရှင်းလင်းပေးမည်ဖြစ်ပြီး မကြာခဏ ဖြစ်ပွားနေသည့် ရာဇဝတ်မှုများ၊ မသမာမှုများအတွက်လည်း ဥယျာဉ် လုံခြုံရေးလုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်ဘက်မှ ကူညီလုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးထံမှ သိရသည်။

“ဌာနဆိုင်ရာဘက်ကတော့ လောလောဆယ်မှာတော့ လမ်းကို မပိတ်ဘူး၊ ဖွင့်လှစ်ဖို့ ပြောထားတယ်။ အဲဝင်းထဲမှာ မကြာခဏဆိုသလို လုယက်မှုတွေ ဖြစ်နေတဲ့အတွက် ဝိုင်းဝန်းပြီးတော့ လုံခြုံရေးအတွက် လှည့်ကင်းတွေ လှည့်ပြီး ဆောင်ရွက်ပေးဖို့ တောင်းဆိုထားတယ်။ လမ်းတွေက လက်ရှိ ကွန်တိန်နာ ကားတွေဝင်တော့ လမ်းတွေ ပျက်တယ်တော့ ပြောထားတယ်”ဟု မင်္ဂလာဒုံ မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာမိုးက ပြောသည်။

အဆိုပါဝင်းအတွင်းရှိ လမ်းများကို ကုမ္ပဏီဘက်က ၂၀၁၉ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့က စတင်ဖြတ်သန်းမှုကို ပိတ်ပင်ထားခြင်းဖြစ်ပြီး လမ်းလွဲဖြစ်သည့် ဝေဘာဂီလမ်းနှင့် သုဓမ္မာလမ်းများမှ တစ်ဆင့် သွားလာကြရန် ညွန်ကြားထားကြောင်း အဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူများ တောင်းဆိုမှုကြောင့် လမ်းများ ပြန်လည်ဖွင့်လှစ်ရန် စက်တင်ဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် ကော်မတီဝင်များ၊ မြောကဥက္ကလာနှင့် မင်္ဂလာဒုံမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ ဇေကမ္ဘာကုမ္ပဏီ ရုံးချုပ်သို့ ရောက်ရှိခဲ့ကာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြောက်ဥက္ကလာပ ခြောက်ကွေ့ မီးပွိုင့်နှင့် အောင်မင်္ဂလာ အဝေးပြေးကွင်းရှေ့တွင် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားတတ်သည့်အတွက် ယာဉ်မောင်းများမှ ရှောင်ရှားရန် မင်္ဂလာဒုံဥယျာဉ် မြို့တော်အတွင်း ဖောက်လုပ်ထားသည့် လမ်းများမှတစ်ဆင့် ဖြတ်လမ်းအဖြစ် မြောက်ဥက္ကလာနှင့် မင်္ဂလာဒုံမြို့နယ်သို့ ဖြတ်သန်းသွားလာနေခြင်းဖြစ်ကြောင်း အဆိုပါလမ်းကို အသုံးပြုလျက်ရှိသည့် ယာဉ်ပိုင်ရှင်များထံမှ သိရသည်။

“အခုက လမ်းပိတ်တာတွေဖြစ်နေ တော့ အရင်ကလို ဇေကမ္ဘာဝင်းထဲကပဲ ဖြတ်သန်းသွားလာရတယ်။ တကယ်ဆို မြို့တော်ဝန်အနေနဲ့လည်း ပြည်သူတွေ ဖြတ်သန်းသွားလာဖို့အတွက် ပြတ်ပြတ်သားသား ပြောသင့်တယ်။ အခုကတော့ လမ်းပြန်ဖွင့်ပြီဆိုတော့ ယာဉ်မောင်းအတွက် အဆင်ပြေပါတယ်”ဟု တက္ကစီ ယာဉ်မောင်းဖြစ်သူ ကိုကျော်ဝင်းက ဆိုသည်။

မင်္ဂလာဒုံဥယျာဉ်မြို့တော် ဇေကမ္ဘာဝင်းအတွင်း ပိတ်ထားသည့် လမ်းများ ပြန်လည်ဖွင့်လှစ်ရန် ဇေကမ္ဘာဦးခင်ရွှေနှင့် ရန်ကုန်မြို့တော်ဝန် တွေ့ဆုံညှိနှိုင်းသည့် ဗီဒီယိုဖိုင် လူမှုကွန်ရက် စာမျက်နှာပေါ်သို့ ပျံ့နှံ့ခဲ့ပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကို ပြည်သူများက ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။ 

J-10



  • VIA