News

POST TYPE

NEWS

ပြည်တွင်းစစ်ဆိုးကျိုး လူထုသိစေရန် ကျောင်းသားများ လက်ကမ်းစာစောင်ဖြန့်ဝေ
14-Sep-2019


ရန်ကုန်၊ စက်တင်ဘာ ၁၄

ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နှင့် ရခိုင်ပြည်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်များကြောင့် စစ်ဘေးရှောင်နေရသူများ၏ အခြေအနေများကို ပြည်သူများသိရှိစေရန် ကျောင်းသားသမဂ္ဂ ၅ ခု ပေါင်း၍ စက်တင်ဘာ ၁၃ ရက်၊ ညနေပိုင်းက ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံအနီးတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

စစ်ဘေးသင့်ပြည်သူများ နေ့စဉ်ကြုံနေရသောဒုက္ခများ၊ ဒေသအတွင်း အခြေအနေမှန်များကို ပြည်သူများသိရှိပြီး ကရုဏာပွားစေရန် ကျောင်းသားသမဂ္ဂများအနေနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ကိုသန်းဇော်ဦးက ပြောကြားသည်။

“တိုင်းရင်းသားဒေသတွေမှာ ဒီလိုတွေဖြစ်နေတယ်ဆိုတဲ့ဟာတွေကို အာရုံစိုက်သင့်တယ်။ တချို့ကျတော့လည်း ကိုယ်နဲ့ မဆိုင်သလိုနေကြတယ်။ အဲဒီမှာဖြစ်နေတာတွေက တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာ ကိုယ့်ဆီမရောက်လာနိုင်ဘူးလို့ ပြောလို့မရဘူး။ အဲဒါတွေကို သတိပြုမိကြအောင် အဲဒီရည်ရွယ်ချက်နဲ့ ဝေဖြစ်တာပါ”ဟု ၎င်းက ပြောကြားသည်။

ယင်းလက်ကမ်းစာစောင်တွင် အသိပေးချက် ၂ ချက်ပါဝင်ပြီး ယင်းမှာ ၂၀၁၁ မှစ၍ ပြန်ဖြစ်ခဲ့သော ကချင်စစ်ပွဲများကြောင့် ဒေသခံပြည်သူ တစ်သိန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး ယနေ့အထိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရဆဲဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများ၏အခွင့်အရေးနှင့် ခံစားချက်များအတွက် ထုတ်ဖော်သူများကို အစိုးရက ဖမ်းဆီးတရားစွဲနေခြင်းအချက်ပါဝင်သည်။

ထို့ပြင် ၂၀၁၈ နိုဝင်ဘာလတွင် စတင်ဖြစ်ပွားခဲ့သော ရခိုင်ဒေသစစ်ပွဲများကြောင့် အပြစ်မဲ့ပြည်သူ ၈၃ ဦး သေဆုံးခဲ့ပြီး ၁၈၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့၍ ခြောက်သောင်းကျော်မှာ စစ်ဘေးဒဏ်ကိုခံစားနေရပြီး သံဃာတော်များ အပါအဝင် ၉၀ ကျော်မှာ သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရပြီး ဒေသအတွင်းရှိ မြို့နယ် ၄ ခုကို အစိုးရက အင်တာနက်လိုင်း ဖြတ်တောက်ထားသည့် အခြေအနေများကို ဖော်ပြထားသည်။

ယင်းသို့ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ - ရန်ကုန်)၊ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့ပေါင်း၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ကျော်ဖြိုး