News

POST TYPE

NEWS

ရာသီဥတု ပြောင်းလဲမှုအရေးတွင် လျှပ်စစ်ကုန်ထုတ်ကဏ္ဍ၏ လျှို့ဝှက်နည်းလမ်းများကြောင့် ပိုမိုပူနွေးလာ
14-Sep-2019

လန်ဒန်၊ စက်တင်ဘာ ၁၄

ဖန်လုံအိမ်ဓာတ်ငွေ့ အာနိသင်ကြောင့် ကမ္ဘာကြီး ပိုမိုပူနွေးလာသည့် အခြေအနေတွင် မကြာသေးမီနှစ်များအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှင့်မှု မြန်ဆန်စွာ မြင့်တက်လာနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

လျှပ်စစ်ထုတ်ကုန်ကဏ္ဍတွင် ဆာလ်ဖာဟက်ဆာဖလူအိုရိုက်ဟုခေါ်သော SF6 ကို လျှပ်စီးပတ်လမ်း မတော်တဆမှုများ ကာကွယ်ရန်အတွက် ကျယ်ပြန့်စွာ အသုံးပြုကြသည်။

သို့ရာတွင် ယူကေနှင့် အီးယူနယ်နိမိတ်အတွင်း အဆိုပါ လူသိနည်းသော ဓာတ်ငွေ့ယိုစိမ့်မှုသည် လမ်းများပေါ်တွင် ကားစီးရေ ၁ ဒသမ ၃ သန်းပိုမိုလာသည့် အကျိုးဆက်နှင့် ညီမျှနေသည်ဟု သိရှိရသည်။

ဈေးပေါပြီး မီးလောင်လွယ်ခြင်း မရှိသော SF6 သည် အရောင်မဲ့၊ အနံ့မဲ့ဓာတ်ငွေ့ဖြစ်ပြီး ဗို့အားပြင်းလျှပ်စစ်ပစ္စည်း တတ်ဆင်မှုများတွင် အရာဝတ္ထုများကို ထိရောက်သော အပူဒဏ်ခံအကာအကွယ်ပေးနိုင်သည်။

SF6 ဓာတ်ငွေ့ကို အကြီးစား ဓာတ်အားပေးစက်ရုံများမှသည် လေအားလျှပ်စစ်တာဘိုင်များ၊ ဓာတ်အားခွဲရုံများအထိ တစ်ကမ္ဘာလုံး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြသည်။

သို့ရာတွင် SF6 ၏ ကြီးမားလွန်းသော အားနည်းချက်မှာ ကမ္ဘာကြီးပူနွေးလာမှုတွင် လူသိများသော ကာဗွန်ဒိုင်အောက်ဆိုဒ်ထက် အဆပေါင်း ၂၃,၅၀၀ ပိုမိုပူနွေးစေနိုင်သည့်အချက်ဖြစ်သည်။

SF6 တစ်ကီလိုဂရမ်ကြောင့် ကမ္ဘာကြီးပူနွေးမှုသည် လူ ၂၄ ယောက် လန်ဒန်မှ နယူးယောက် အသွားအပြန် လေကြောင်း ခရီးသွားသည့် ကာဗွန်ပမာဏနှင့် တူညီနေသည်ဟုဆိုသည်။

ထို့ပြင် SF6 သည် လေထုထဲတွင် အချိန်ကြာမြင့်စွာ ရှိနေနိုင်စွမ်းရှိပြီး ကမ္ဘာကြီးပူနွေးမှုအပေါ် အနည်းဆုံး နှစ်ပေါင်း ၁၀၀၀ ခန့် သက်ရောက်နိုင်စွမ်းရှိသည်။

ကမ္ဘာ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍတွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံများက ကာဗွန်ထုတ်လွှတ်မှုများ ရှိနေသောကြောင့် ကမ္ဘာကြီးပူနွေးလာမှု လျှော့ချရေးအတွက် လေအား၊ သဘာဝဓာတ်ငွေ့နှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစနစ်များကို အစားထိုးလာခဲ့ကြရာ ဓာတ်အားလိုင်းကွန်ရက်များ ပိုမိုကျယ်ပြန့်များပြားလာခဲ့သည်။

အဆိုပါကျယ်ပြန့်လာသော ဓာတ်အားလိုင်းကွန်ရက်များ၊ ဓာတ်အားပေးတာဘိုင်များ၊ ဓာတ်အားခွဲရုံများတွင် မဖြစ်မနေ အသုံးပြုရသော လိုင်းချိန်းသည့် Switchgear များနှင့် Circuit Breaker များအား လျှပ်စီးပတ်လမ်း မတော်တဆမှုများမဖြစ်အောင် ကာကွယ်ရန်အတွက် အဆိုပါ SF6 ဓာတ်ငွေ့ကို အမြောက်အမြား အသုံးပြုနေကြခြင်းဖြစ်သည်ဟု သိရှိရသည်။

F-04