News

POST TYPE

NEWS

အီရတ်ရှိ ရှီးယိုက်ဘာသာရေးပွဲတော်တစ်ခုတွင် လူနင်းမိ၍ လူ ၃၀ ကျော်သေဆုံး
12-Sep-2019


ဘဂ္ဂဒက်၊ စက်တင်ဘာ ၁၁ 

အီရတ်နိုင်ငံ ကာဘာလာမြို့တွင် ရှီးယိုက်မွတ်စလင်များ၏ အက်စ်ဟူရာ ဘာသာရေးနေ့ထူးနေ့မြတ်အဖြစ် ကျင်းပပြုလုပ်သော ပွဲတော်၌ လူနင်းမှုဖြစ်ပွားရာ အနည်းဆုံးလူ ၃၁ ဦးသေဆုံးသွားသည်ဟု အစိုးရအာဏာပိုင်များက ပြောကြားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

အီရတ်ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ရှီးယိုက်မွတ်စလင် ဘာသာရေးပွဲတော်တွင်း လူနင်းမှုကြောင့် အနည်းဆုံး လူ ၁၀၀ ခန့်ဒဏ်ရာရရှိသွား ကြောင်းနှင့် သေဆုံးသူဦးရေလည်း မြင့်တက်လာနိုင်ကြောင်း ပြောကြားသည်။ 

လူအုပ်လိုက် ပြုံတိုးကာနင်းမိသည့် ကိစ္စသည် လူရာထောင်ပေါင်းများစွာ စုစည်းကာ ထုံးတမ်းဓလေ့တစ်ခုခုကို ပြုလုပ်စဉ် တစ်စုံတစ်ယောက်က ခြေချော် (ခြေလိမ်) သွားသောအခါ ဖြစ်ပေါ်လေ့ရှိတတ်သည်။ 

အက်စ်ဟူရာ ဘာသာရေးပွဲတော်ဟူသည်မှာ အေဒီ ၆၈၀ တွင် ဖြစ်ပွားခဲ့သော စစ်ပွဲ၌ အာဇာနည်ဖြစ်ခဲ့သော အီမန်ဟူစိန်ကို အောက်မေ့သည့်အထိမ်းအမှတ်ဖြင့် ပြုလုပ်သော ပွဲတော်ဖြစ်သည်။ အီမန်ဟူစိန်ဆိုသည်မှာ တမန်တော်မိုဟာမက်၏ မြေးတစ်ဦးဖြစ်သည်။ 

နှစ်စဉ် အက်စ်ဟူရာပွဲတော် တက်ရောက်ရန် ကာဘာလာမြို့သို့ ရှီးယိုက် မွတ်စလင် သန်းပေါင်းများစွာသွားရောက်လေ့ရှိသည်။ အက်စ်ဟူရာနေ့မှာ အစ္စလာမ်ဘာသာရေးပြက္ခဒိန်၏ ပထမလဖြစ်သော မူဟာရန်လ၏ ၁၀ ရက်နေ့တွင် ကျရောက်သည်။ 

အဆိုပါပွဲတော်၏ ထုံးတမ်းဓလေ့ တစ်ခုမှာ တူဝါရစ်ချ်ပြေးခြင်းဆိုသည့် ဓလေ့ဖြစ်ပြီး ဝတ်ပြုသူရှီယိုက်မွတ်စလင်များအနေနှင့် အီမန်ဟူစိန်ဗလီရှိရာသို့ ပြေးကြရခြင်းဖြစ်သည်။ 

ကာဘာလာမြို့ သတင်းပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက အဆိုပါ တူဝါရစ်ချ်ပြေးပွဲတွင် ဝတ်ပြုဆုတောင်းသူ ရာပေါင်းများစွာမှာ ထွက်ပြေးခဲ့ကြကြောင်း၊ ယင်းသို့ ပြေးစဉ် လူတစ်ဦးက ခြေခွင်လဲကျရာမှ အခြားသူများပါ လဲကျကာ အုတ်အော်သောင်းတင်း လူနင်းမိသည့် အဖြစ်ဆိုးကြီးနှင့် ရင်ဆိုင်ခဲ့ကြရကြောင်း ပြောကြားသည်။ 

ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်ကလည်း ကာဘာလာမြို့ရှိ ဘာသာရေးအဆောက်အအုံများအနီးတွင် ဗုံးဆက်တိုက်ပေါက်ကွဲခဲ့ရာ လူပေါင်း ၁၄၀ ကျော်သေဆုံးခဲ့ရသည်။  

F-01


  • VIA