News

POST TYPE

NEWS

သမ္မတထရမ့်၏ အမျိုးသား လုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန် နုတ်ထွက်
11-Sep-2019


ဝါရှင်တန်၊ စက်တင်ဘာ ၁၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်ကို ထုတ်ပယ်လိုက်သည်ဟု ကြေညာခဲ့ပြီး ၎င်းနှင့် အပြင်းအထန် သဘောကွဲလွဲခဲ့သည်ဟု ပြောဆိုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

“ကျုပ်က ဂျွန်ကို နုတ်ထွက်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီမနက်ပဲ နုတ်ထွက်စာ တင်သွားတယ်။ လာမယ့်အပတ်မှာ သူ့နေရာကို အစားထိုးမှာဖြစ်ပါတယ်”ဟု ထရမ့်က Twitter တွင် ပြောဆိုထားသည်။

ဂျွန်ဘိုလ်တန်ကမူ ထုတ်ပယ်ခံရခြင်းမဟုတ်ဘဲ သူက နုတ်ထွက်ခဲ့ခြင်းသာဖြစ်သည်ဟု ပြောကြားသည်။ ၎င်းသည် အာဖဂန်နစ္စတန်မှသည် အီရန်အရေးအထိ စိန်ခေါ်မှုကြီးသော နိုင်ငံခြားရေးမူဝါဒများစွာတွင် သမ္မတနှင့် သဘောထားကွဲလွဲခဲ့သည်။

ဂျွန်ဘိုလ်တန်သည် ၂၀၁၈ ဧပြီလကစ၍ တာဝန်ထမ်းဆောင်ခဲ့ပြီး မိုက်ကယ်ဖလင်းနှင့် မက်မာစတာတို့ပြီးလျှင် ထရမ့်အစိုးရ၏ တတိယမြောက် ကာကွယ်ရေး အကြံပေးဖြစ်လာခဲ့သူဖြစ်သည်။

ထရမ့်က ကြေညာသွားပြီးနောက် Twitter သို့ တက်လာသောဘိုလ်တန်က ၎င်းကိုယ်တိုင် အလုပ်ထွက်ခဲ့ခြင်းသာဖြစ်ပြီး ထရမ့်က ဒီကိစ္စ မနက်ဖြန်မှ ပြောရအောင်ဟု ပြောကြားခဲ့ကြောင်း ရေးသားပြောဆိုသည်။

ထို့နောက် ဝါရှင်တန်ပို့စ် သတင်းစာနှင့် စာဖြင့် အမေးအဖြေပြုလုပ်ခဲ့သော ဘိုလ်တန်က အမျိုးသားလုံခြုံရေးအကြံပေးအဖြစ်မှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း၊ ၎င်း၏ အဓိကစိုးရိမ်မှုမှာ အမေရိကန်၏ အမျိုးသားလုံခြုံရေးဖြစ်ကြောင်းနှင့် ၎င်း၏သဘောထားအမြင်ကို သင့်လျော်သည့်လမ်းကြောင်းဖြင့် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားသည်။

ဂျွန်ဘိုလ်တန်၏ နုတ်ထွက်မှုသည် ရုတ်တရက် အံ့အားသင့်ဖွယ် ထွက်ပေါ်လာခြင်းဖြစ်ပြီး မထွက်မီ နှစ်နာရီခန့် အလိုအထိ နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယို၊ ဘဏ္ဍာရေးဝန်ကြီး စတီဖင်မန်ချင်တို့နှင့်အတူ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်ထားခဲ့သည်ဟုသိရှိရသည်။

ဘိုလ်တန်၏လက်ထောက် ချားလ်စ်ကူပါမန်းက ယာယီကာကွယ်ရေးအကြံပေးအဖြစ် ဆောင်ရွက်မည်ဟု အိမ်ဖြူတော်က ဘီဘီစီသို့ ပြောကြားသည်။

သမ္မတအား ကာကွယ်ရေးကိစ္စ အကြံဉာဏ်ပေးရသော အမျိုးသား လုံခြုံရေးကောင်စီသည် ဂျွန်ဘိုလ်တန်၏လက်အောက်တွင် အိမ်ဖြူတော်အတွင်းရှိ သီးခြားအဖွဲ့တစ်ခုဖြစ်လာခဲ့သည်ဟု သတင်းများကဆိုသည်။

ဂျွန်ဘိုလ်တန်သည် အိမ်ဖြူတော်တစ်ခုလုံးနှင့် သီးခြားစီလုပ်ဆောင်ခဲ့သည့်အပြင် အစည်းအဝေးများကိုလည်းမတက်ဘဲ ၎င်း၏ သီးသန့်အစီအစဉ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့သည်ဟု အမည်မဖော်လိုသော ထရမ့်အစိုးရ အကြီးတန်းအရာရှိဟောင်း တစ်ဦးက ပြောကြားသည်။

F-04