News

POST TYPE

NEWS

တန်ဖိုးနည်းအိမ်ရာများကို နေထိုင်သူများနှင့် ကိုက်ညီသည့်နေရာများတွင် ဆောက်လုပ်ရန်လိုအပ်
11-Sep-2019


ရန်ကုန်၊ စက်တင်ဘာ ၁၁

အစိုးရက ထပ်မံဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ရာများကို အမှန်တကယ် နေထိုင်သူများနှင့် ကိုက်ညီသည့်နေရာများတွင် ဆောက်လုပ်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်း ရေးမှူးချုပ် ဦးမျိုးမြင့်က ပြောကြားသည်။

“အခြေခံလူတန်းစားတွေကြိုက်တဲ့၊ အလုပ်လုပ်တဲ့နေရာတွေနဲ့ မဝေးတဲ့နေရာတွေမှာ တကယ်နေမယ့်သူတွေကို လေ့လာပြီး တည်ဆောက်မယ်ဆိုရင် အိမ်ရာအလေအလွင့်ဖြစ်တာလည်း နည်းသွားမယ်”ဟု ၎င်းကရှင်းပြသည်။

လက်ရှိတွင် ဝန်ကြီးဌာနများက ဆောက်လုပ်ထားသည့် တန်ဖိုးနည်းအိမ်ရာများ ရောင်းချရန်ကျန်ရှိသော်လည်း အမှန်တကယ် နေထိုင်မည့်သူများ လိုချင်သည့်နေရာနှင့် ရောင်းချသည့်နေရာ ကွာခြားမှုရှိသောကြောင့် အခန်းအချို့ ဝယ်ယူသူမရှိသည့် အခြေအနေများ ဖြစ်လျက်ရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

အစိုးရဝန်ကြီးဌာနမှ လက်ရှိ ဆောက်လုပ်နေသည့် အိမ်ရာများမှာ လှိုင်သာယာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် အများဆုံးတည်ရှိသော်လည်း အလုပ်လုပ်ကိုင်သူများနှင့် နေထိုင်သည့်နေအိမ် အကွာအဝေးပြဿနာများကြောင့် အများစုမှာ မိမိနေထိုင်လိုသည့် အိမ်နှင့် မကိုက်ညီသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း တန်ဖိုးနည်းအိမ်ရာ ဝယ်ယူနေထိုင်သူအချို့ထံမှ သိရသည်။

“အစ်မတို့အလုပ်တွေက ဒဂုံအရှေ့ပိုင်းဘက်မှာ။ ဒါပေမဲ့ တန်ဖိုးနည်းအိမ်ခန်း လျှောက်ထားတော့ ပေါက်တဲ့အိမ်က လှိုင်သာယာဘက်ဖြစ်နေတယ်။ အိမ်နဲ့အလုပ် အသွားအပြန်တင် ၂ နာရီလောက် အချိန်ပေးရတယ်။ ဖြစ်နိုင်ရင် အလုပ်နဲ့အိမ် နီးနီးနားနားပဲ နေချင်တယ်”ဟု လှိုင်သာယာမြို့နယ် ရွှေလင်ပန်းအိမ်ရာတွင် အခန်းဝယ်ယူနေထိုင်သူ မသီရိနိုင်က သူ့ဖြစ်ရပ်ကို ပြောပြသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ယခုလ ၂၀ ရက်နေ့တွင် ဌာနမှ ရောင်းချရန်ကျန်ရှိသည့် တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာ အမျိုးအစားပေါင်း ၁၂ ခုကိုရောင်းချရန် ဝယ်ယူခွင့်ရရှိသူများကို ဖိတ်ခေါ်လျက်ရှိပြီး အဆိုပါအိမ်ရာများကို ၁၅ နှစ်အရစ်ကျစနစ်ဖြင့် သက်သာသည့် အတိုးနှုန်းဖြင့်ရောင်းချရန် ထုတ်ပြန်ထားသည်။

ပြည့်ဖြိုးမြင့်မွန်