News

POST TYPE

NEWS

တပ်မတော်ဂုဏ်သိက္ခာကျအောင်ပြောဆိုမှုဖြင့် မြဝတီကျောင်းတိုက်ဆရာတော်ကို အရေးယူရန် တရားရုံးဦးတိုက်လျှောက်
11-Sep-2019


မန္တလေး၊ စက်တင်ဘာ ၁၁

တပ်မတော်၏ ဂုဏ်သိက္ခာ ကျဆင်းအောင် ပြောဆိုမှုများကို မြဝတီကျောင်းတိုက်ဆရာတော် ဦးအရိယဝံသာဘိဝံသက ပြုလုပ်လျက်ရှိသည်ဟုဆိုကာ ဥပဒေအရ အရေးယူပေးရန် တပ်မတော်အရာရှိကြီးတစ်ဦးက ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်တိုင်တန်းထားကြောင်း ဆရာတော်ထံမှ သိရသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မြဝတီကျောင်းတိုက်ဆရာတော်သည် သတင်းဌာနတစ်ခု၏ သတင်းမေးမြန်းမှုကို ဖြေကြားရာတွင် တပ်မတော်၏ဂုဏ်သိက္ခာကို ထိပါးစေသည့် အကြောင်းအရာနှင့် စကားများကို ပြောဆိုသည့်အတွက် ယင်းသို့ ဦးတိုက်လျှောက်ထားခြင်းဖြစ်သည်။

ဆရာတော်သည် တိုင်းပြည်အကျိုးစီးပွား မပျက်ပြားစေရေးအတွက် ဝေဖန်ထောက်ပြမှုများ ပြုလုပ်နေခြင်းသာဖြစ်ပြီး နောင်တွင်လည်း ဆက်လက်လုပ်ဆောင်နေမည်ဖြစ်ကြောင်း မိန့်ကြားသည်။

“စစ်တပ်ဆိုတာ စီးပွားရေးတွေ နိုင်ငံရေးတွေ လုပ်ရမှာမဟုတ်ဘဲ။ နောက်ပြီးတော့ လွှတ်တော်ထဲမှာ ဘာဥပဒေအရ ခွင့်ပြုတယ်ပြောပြော ပြည်သူ့ဆန္ဒမပါဘဲနဲ့ ဝင်ထိုင်နေတာတွေက အနိုင်ကျင့်တာ တစ်မျိုးပဲ”ဟု မြဝတီဆရာတော်က မိန့်သည်။

ရွှေဝါရောင်ဆရာတော်တစ်ပါးဖြစ်သည့် ဦးစိန္တိတသည်လည်း တပ်မတော်နှင့် တပ်မတော်သားတို့၏ ဂုဏ်သိက္ခာကို ထိခိုက်အောင် လူမှုကွန်ရက်တွင် ရေးသားမှုများ ပြုလုပ်သည်ဆိုပြီး တပ်မတော် အရာရှိတစ်ဦးက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူပေးရန် ပြည်ကြီးတံခွန် မြို့မရဲစခန်းတွင် တိုင်တန်းအမှုဖွင့်ထားသည်။

M-04