News

POST TYPE

NEWS

အာဖရိကသို့ ဆန်စပါးဈေးကွက်ရှာဖွေရန် ကိုယ်စားလှယ်အဖွဲ့ သွားရောက်မည်
11-Sep-2019

ရန်ကုန်၊ စက်တင်ဘာ ၁၁

အာဖရိကသို့ ဆန်စပါးဈေးကွက် ရှာဖွေရန်အတွက် လာမည့်အောက်တိုဘာလတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သွားရောက်မည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

ဆန်စပါးဈေးကွက် သွားရောက်ရှာဖွေရာတွင် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ပါဝင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများကိုလိုက်ပါရန် ဖိတ်ကြားသွားမည်ဖြစ်ပြီး လက်ရှိတွင် ညှိနှိုင်းနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

အာဖရိကဈေးကွက်သည် ဆန် အကျိုးအကြေများကိုသာ ဝယ်လိုအား များသည့်အတွက် အခြားဆန် အမျိုးအစားများနှင့် အရေအတွက် အများအပြား ရောင်းချနိုင်ရန်ရည်ရွယ်၍ အာဖရိကသို့ သွားရောက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမြင့်လွင်က ပြောကြားသည်။

“အဓိကက ဆန်အမျိုးအစားထက် များများဝယ်နိုင်ဖို့ကိုပဲ ဦးတည်တာပါ။ သူတို့ဘာလိုချင်လဲပေါ့။ သူတို့လည်း တဖြည်းဖြည်းနဲ့ ဆန်ကွဲအပြင် အဆင့်မြင့်ဆန်ဝယ်ယူမှု တိုးလာပါပြီ။ အဆင့်မြင့်ဆန်ကိုလည်း စိတ်ဝင်စားလာတဲ့ အနေအထားရှိပါတယ်”ဟု ၎င်းကပြောဆိုသည်။

အာဖရိကဈေးကွက်အနေနှင့် ဆန်ကွဲအပြင် အခြားအဆင့်မြင့်ဆန်များကိုလည်း စိတ်ဝင်စားမှုရှိလာပြီး လက်ရှိ မြန်မာနိုင်ငံမှ ဆန်ဝယ်ယူနေသည့် ကိုယ်စားလှယ်များအနေနှင့် အရေအတွက်များများ ဝယ်ယူရန်နှင့် အခြားဝယ်ယူမည့် ဈေးကွက်နိုင်ငံအသစ်များ ရှာဖွေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၀ ရက်နေ့အထိ အာဖရိကဈေးကွက် နိုင်ငံများသို့ ဆန်မက်ထရစ်တန်ချိန် ၅ သိန်းခန့်နှင့် ဆန်ကွဲမက်ထရစ်တန်ချိန် ၁၈,၀၀၀ ကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ပြည်ပတင်ပို့မှု စာရင်းများအရ သိရသည်။

J-11