News

POST TYPE

NEWS

ငါးနှစ်အောက်ကလေး ၁၄ သိန်းကျော်မှာ ရှိသင့်သည့် အရပ်အမောင်းမရှိဘဲ ပုညှက်
11-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၀

အသက် ငါးနှစ်အောက်အရွယ် ကလေး ၁၄ သိန်းကျော်သည် ရှိသင့်သည့် အရပ်အမောင်းမရှိဘဲ ပုညှက်လျက်ရှိကြောင်း လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက် စစ်တမ်း (၂၀၁၅-၂၀၁၆) အရ သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ မိခင်နှင့် ကလေးများသည် အာဟာရချို့တဲ့မှု အမျိုးမျိုးကို ခံစားနေခဲ့ရဆဲဖြစ်ပြီး အသက်ငါးနှစ်အောက် ကလေးများသည် ကာလတာရှည် အာဟာရ ချို့တဲ့ခြင်းကြောင့် ပုညှက်ခြင်းသည် ၁၉၉၀ ပြည့်နှစ်တွင် ၄၀ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး မိခင်နှင့် ကလေးအာဟာရချို့တဲ့မှုသည် ရောဂါဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်းကို မြင့်မားစေနိုင်ကြောင်း လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း (၂၀၁၅-၂၀၁၆) တွင် ဖော်ပြထားသည်။

ထို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း၊ လက်ရှိတွင် မူလတန်း ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား အစားအသောက်များ ဖြည့်စွက် ကျွေးမွေးခြင်းကြောင့် အာဟာရအခြေအနေ ပြောင်းလဲမှု လေ့လာခြင်း သုတေသနကို လုပ်ဆောင်လျက်ရှိကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါသုတေသနကို ၂၀၁၇-၂၀၁၈ ခုနှစ်နှင့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် မှော်ဘီမြို့နယ်၊ လှပဒါးကျေးရွာနှင့်အောက် ဝါးနက်ချောင်းကျေးရွာရှိ အခြေခံမူလတန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ သုတေသနများကို ဆက်လက်လုပ်ဆောင်စေလိုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယင်းသုတေသနတွေ့ရှိချက်များ အသိပေးတင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် အဏုအာဟာရ ချို့တဲ့မှုများသည် စိုးရိမ်သင့်သည့် အခြေအနေတွင် ရှိနေပြီး အသက် ၆ လမှ ၅ နှစ်အောက် ကလေးများ၏ ၅၇ ဒသမ၈ ရာခိုင်နှုန်းနှင့် မျိုးဆက်ပွားနိုင်သည့် အမျိုးသမီးများ၏ ၄၆ ဒသမ ၅ ရာခိုင်နှုန်းတွင် ဖြစ်ပွားလျက်ရှိသည့် သွေးအားနည်းရောဂါသည် နေ့စဉ်စားသုံးနေသည့် အစားအသောက်များတွင် သံဓာတ်မလုံလောက်မှုကြောင့် သံဓာတ်ချို့တဲ့ခြင်းကို ရင်ဆိုင်နေရကြောင်း အမျိုးသားအာဟာရနှင့် သုတေသနဌာနခွဲထံမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေနှင့် သုတေသနရန်ပုံငွေများကို တိုးမြှင့်ချထားလျက်ရှိပြီး ၂၀၁၉-၂၀၂၀ ခုနှစ် အတွက် ကျပ်သန်း ၃,၀၀၀ ခွင့်ပြုထားပြီး ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။ 

J-12


  • VIA