News

POST TYPE

NEWS

ကိုးကန့်ဒေသတွင် ညမထွက်ရအမိန့်ကို သက်တမ်းတိုး၍ အချိန်ပြောင်းလဲသတ်မှတ်
11-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၀

နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု ပေါ်မူတည်ပြီး ကိုးကန့်ဒေသတွင် ပုဒ်မ ၁၄၄ ကို အချိန်နာရီ ကန့်သတ်ချက် ဖြေလျှော့၍ သက်တမ်းနှစ်လ ထပ်မံတိုးမြှင့်လိုက်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်က ပြောသည်။

“မနေ့က သက်တမ်း ထပ်တိုးလိုက်တာပါ။ နှစ်လတိုးလိုက်တာ၊ လာမယ့် ၁၁ လပိုင်း ၉ ရက်နေ့အထိ။ အရင်တုန်းက ည ၈ နာရီကနေ မနက် ၅ နာရီ သတ်မှတ်ထားတာ။ အခု တင်ပြလိုက်တော့ ည ၉ နာရီကနေ မနက် ၅ နာရီ ဖြစ်သွားတာပါ။ နောက်နှစ်လ ပြီးသွားရင် နယ်မြေဒေသအခြေအနေပေါ် မူတည်ပြီး ရုပ်သိမ်းသင့်ရင် သိမ်းမယ်။ ဒါမှမဟုတ် အခြေအနေပေါ် မူတည်ပြီး အချိန်ပိုင်းကို အတိုးအလျှော့ လုပ်သွားဖို့ ရှိပါတယ်”ဟု ဦးကျော်နီနိုင်က ပြောသည်။

ကိုးကန့်ဒေသတွင် တစ်ကျော့ပြန် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလကတည်းက ထုတ်ပြန်ခဲ့သည့် ပုဒ်မ ၁၄၄ ကို ယခုချိန်ထိ မရုပ်သိမ်းသေးသော်လည်း မူလက ည ၈ နာရီမှ မနက် ၅ အထိ သတ်မှတ်ထားသည့် အချိန်ကနေ နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု အခြေအနေအရ ည ၉ နာရီမှ မနက် ၅ နာရီအထိကို နှစ်လ သက်တမ်း ထပ်မံတိုးလိုက်ခြင်းဖြစ်ကြောင်း ပြောသည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တိုက်ပွဲများဖြစ်ပွားပြီးနောက်ပိုင်းတွင် ၄ နှစ်နီးပါးကြာသည်အထိ ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းခြင်းမရှိဘဲ နယ်မြေဒေသ အေးချမ်းတည်ငြိမ်မှု အခြေအနေပေါ်မူတည်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဒေသန္တရအစိုးရနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တို့ ညှိနှိုင်းကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆိုသည်။

ကိုးကန့်ဒေသတွင် တိုက်ပွဲပြန်လည် မဖြစ်ပွားသော်လည်း ကိုးကန့် (MNDAA)၊ တအာင်းပလောင် (TNLA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ ပူးပေါင်းအဖွဲ့ဖြစ်သည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့သည် ဩဂုတ်လ ၁၅ရက်က ပြင်ဦးလွင်မြို့ရှိ တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် နေရာအချို့ တိုက်ခိုက်ပြီးနောက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေစဉ် ကာလအတွင်း မန္တလေး၊ လားရှိုး-မူဆယ် ကုန်သွယ်ရေး လမ်းကြောင်း ရပ်တန့် ပိတ်ဆို့သွားခဲ့ပြီး ဩဂုတ်လ ၃၁ ရက်က ကွတ်ခိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ ရွာထဲသို့ လက်နက်ကြီး ကျရောက်ကာ ကလေး ၃ ဦး အပါအဝင် အရပ်သား ၅ ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။

မြန်မာ့တပ်မတော်က အပစ်အခတ် ရပ်စဲရေးကို စက်တင်ဘာလ ၂၁ ရက်နေ့အထိ သက်တမ်းထပ်မံတိုးခြင်းကို ဩဂုတ်လ ၃၁ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့နောက် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်သုံးဖွဲ့က စက်တင်ဘာလ ၉ရက်နေ့က တစ်လတာ တစ်ဖက်သတ် အပစ်အခတ် ရပ်ဆိုင်းကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။

လတ်တလော ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဩဂုတ်လ ၃၁ ရက်နေ့အထိ စစ်ဘေးရှောင် ပြည်သူ ၈,ဝ၀၀ နီးပါးအထိ ရောက်ရှိသွားကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA-Myanmar) က ထုတ်ပြန်ချက်အရ သိရသည်။

စိုင်းဟန်



  • VIA