News

POST TYPE

NEWS

ဩဂုတ်လ၌ စတော့အိတ်ချိန်းမှ ဝင်ငွေ ကျပ် ၂ ဘီလီယံနီးပါးဖြင့် အများဆုံးရရှိ
11-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၀

ယခုနှစ်စမှ ရှစ်လတာကာလအတွင်း ဩဂုတ်လ၌ စတော့အိတ်ချိန်းမှ ဝင်ငွေ ကျပ် ၁ ဒသမ ၉ ဘီလီယံကျော်ဖြင့် ဝင်ငွေအများ ဆုံးအဖြစ် ရရှိခဲ့ကြောင်း ရန်ကုန်စတော့ အိတ်ချိန်း  (YSX) ၏ စာရင်းဇယားများအရ သိရသည်။

စတော့အိတ်ချိန်း သက်တမ်းတစ်လျှောက်တွင် အဆိုးရွားဆုံး စံချိန်များကိုလည်း ယခုနှစ်တွင် အနိမ့်ဆုံးအဖြစ်ရရှိခဲ့ပြီး ယခုနှစ် မတ်လတွင် ရှယ်ယာအရောင်းအဝယ်များမှ ကျပ်သိန်း ၃၉၀၀ ကျော်သာ ရရှိခဲ့ကြောင်း စာရင်းများတွင် ဖော်ပြထားသည်။

စတော့အိတ်ချိန်း၏ ၂၀၁၉ ခုနှစ် ဝင်ငွေအဖြစ် ဇန်နဝါရီလတွင် သိန်း ၅၂၀၀ ကျော်၊ ဖေဖော်ဝါရီလတွင် သိန်း ၄၀၀၀ ကျော်၊ မတ်လတွင် သိန်း ၃၉၀၀ ကျော်၊ ဧပြီလတွင် သိန်း ၅၀၀၀ ကျော်၊ မေလတွင် ၁ ဒသမ ၄ ဘီလီယံကျော်၊ ဇွန်လတွင် ၁ ဒသမ ၃ ဘီလီယံကျော်၊ ဇူလိုင်လတွင် ၁ ဒသမ ၂ ဘီလီယံကျော်အထိ ကျဆင်းခဲ့ရာမှ ဩဂုတ်လတွင် ၂ ဘီလီယံနီးပါးအထိ ရှယ်ယာများ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း YSX ၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။

ထို့ပြင် အများပိုင်ကုမ္ပဏီတစ်ခုချင်းစီအလိုက် ရှယ်ယာဈေးနှုန်းများမှာလည်း FMI ရှယ်ယာအနေနှင့် ၈၈၀၀ ကျပ် ဝန်းကျင်အထိ ကျဆင်းခဲ့ရာမှ ကျပ် ၁၂,၅၀၀ အထိ ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း FMI ၏ ရှယ်ယာအရောင်းအဝယ်ဈေးကွက်အရ သိရသည်။

ရှယ်ယာတစ်စုလျှင် ကျပ် ၃၃၅၀ ကျပ်သာ ရှိခဲ့သည့် သီလဝါ အထူးစီးပွားရေးဇုန် ရှယ်ယာသည် ကျပ် ၄၂၀၀ အထိ မြင့်တက်ခဲ့ပြီး ကျန်ရှယ်ယာများသည်လည်း အနိမ့်ဆုံး ကျပ် ၂၀၀ မှ ကျပ် ၂၀၀၀ ခန့်အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း YSX ၏ စာရင်းများအရ သိရသည်။

စတော့အိတ်ချိန်း၏ နှစ်အလိုက် အရောင်းအဝယ်ဖြစ်ပေါ်မှုမှာ ၂၀၁၆ ခုနှစ်တွင် ကျပ် ၇၀ ဒသမ ၇၅ ဘီလီယံခန့်၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၂၂ ဒသမ ၁၃ ဘီလီယံ ကျော်၊ ၂၀၁၈ ခုနှစ်တွင် အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ကျပ် ၁၁ ဘီလီယံကျော်နှင့် ၂၀၁၉ ခုနှစ်တွင် ဇူလိုင်ကုန်အထိ ကျပ် ၆ ဘီလီယံကျော် ရရှိနေပြီဖြစ်ကြောင်း စာရင်းများအရ သိရသည်။

စတော့အိတ်ချိန်း သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အရောင်းအဝယ်ဖြစ်ပေါ်မှုမှာ မတ်လတွင် ၃၉၆၂ သိန်းအထိ ကျဆင်းခဲ့ပြီး ဩဂုတ်လတွင် ကျပ် ၁ ဒသမ ၉ ဘီလီယံအထိ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ နှစ်ဘီလီယံနီးပါး အရောင်းအဝယ်ဖြစ်ပေါ်မှုသည် ၂၀၁၈၊ ၂၀၁၉ ခုနှစ်တွင် ပထမဆုံးအကြိမ် အမြင့်ဆုံးဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း စတော့အိတ်ချိန်း၏ လအလိုက် စာရင်းဇယားများတွင် ဖော်ပြထားသည်။

ပြည့်ဖြိုးမြင့်မွန်


  • VIA