News

POST TYPE

NEWS

ငပုတောမြို့နယ် သစ်တောအတွင်း တောဆင်ရိုင်း တစ်ကောင် သတ်ဖြတ်ခံရ
11-Sep-2019


ပုသိမ်၊ စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် တင်ချောင်းအုပ်စု ထန်းတပင်ကျေးရွာ အနောက်ဘက် မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းတစ်ကောင် သတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှသိရသည်။

အသက် ၂၃ နှစ်ခန့်ရှိ တောဆင်ရိုင်းအမတစ်ကောင်ကို သတ်ဖြတ်ပြီး အရေခွံခွာထားခံရသည်ကို စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက မြစ်တစ်ရာသစ်တောကြိုးဝိုင်း အမှတ် ၂၁၂ ရှိ ထန်းတစ်ပင်ကျေးရွာအနောက်ဘက် ၅ မိုင်ခန့်အကွာ မဒေါ့ချောင်းအတွင်း တွေ့ရှိခဲ့ကြောင်း တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက ပြောသည်။

"ကျွမ်းကျင်သူ ဆင်ဆရာဝန်ရဲ့ စစ်ဆေးချက်အရ လွန်ခဲ့တဲ့ ၂ ရက်လောက်က အသတ်ခံရတာပါ" ဟု ၎င်းက ဆိုသည်။

သတ်ဖြတ်ခံရသည့် တောဆင်ရိုင်းမှာ အမြင့် ၇ ပေ အလျား ၆ ပေ ၇ လက်မ၊ နှာမောင်း ၃ ပေ ၇ လက်မ၊ အမြီး ၂ ပေ ၁ လက်မ၊ အရောင်အမဲ၊ ဖြစ်ပြီး ဝဲဘက် လည်ပင်းပြတ်ရှနေသည့်ဒဏ်ရာ၊ ယာနားရွက်ပြတ်၍ အရေခွံများ ခွာထားခံရသည်။

တောဆင်ရိုင်း သတ်ဖြတ်သူများကို ဖမ်းဆီးရမိရေးအတွက် သစ်တောရဲ နယ်မြေရဲ ဆင်ကိစ္စ အရေးပေါ်ဆောင်ရွက်ရေးအဖွဲ့နှင့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။

မောင်မျိုးထက် (ပုသိမ်)

R-12