News

POST TYPE

NEWS

ICCPR တွင် လက်မှတ်ရေးထိုးရန်အဆို ဥပဒေနှင့် ငြိစွန်းနေဟု တပ်မတော် ကန့်ကွက်
11-Sep-2019
နေပြည်တော်၊ စက်တင်ဘာ ၁၀

အရပ်ဘက်လူထုဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်များနှင့်သက်ဆိုင်သည့် နိုင်ငံတကာ သဘောတူညီစာချုပ် (International Covenant on Civil Political Rights- ICCPR) တွင် လက်မှတ်ရေးထိုးရန် လွှတ်တော်၌ အဆိုတင်သွင်း၍ တိုက်တွန်းခြင်းမှာ ဥပဒေနှင့် ငြိစွန်းနေသည့် သဘောသက်ရောက်နေပြီး ကန့်ကွက်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက လွှတ်တော်သို့ တင်ပြဆွေးနွေးလိုက်သည်။

အရပ်ဘက်လူထုဆိုင်ရာ ရပိုင်ခွင့်နှင့် နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်များကို လေးစားလိုက်နာရန်နှင့် တရားဥပဒေစိုးမိုးမှု ရှိစေရန်အတွက် အရပ်ဘက်လူထုဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်များနှင့် သက်ဆိုင်သည့် နိုင်ငံတကာ သဘောတူညီစာချုပ် (International Covenant on Civil Political Rights- ICCPR) တွင် လက်မှတ်ရေးထိုးရန် တိုက်တွန်းကြောင်းအဆိုကို အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာက တင်သွင်းထားခြင်းဖြစ်သည်။

“ဒီအဆိုကို လွှတ်တော်က ဆက်လက်ဆောင်ရွက်ပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၀၉ အရ နိုင်ငံတော်သမ္မတရဲ့ တာဝန်နှင့် လုပ်ပိုင်ခွင့်ဖြစ်နေခြင်း၊ နိုင်ငံတော်သမ္မတကို စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၆၊ ၇၁ (က) (၅) တို့နှင့်လည်း ဆက်စပ် ပတ်သက်နေတာဖြစ်တဲ့အတွက် အဆိုကို ကန့်ကွက်ကြောင်းနဲ့ အဆိုရှင်အနေနဲ့ ယခု အဆိုအား ပြန်လည်ရုပ်သိမ်းပြီး မေးခွန်းအဖြစ်သာ မေးမြန်းသွားသင့်ပါကြောင်း ပြောကြားလိုပါတယ်”ဟု ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောသည်။

ယင်းအဆိုကို တပ်မတော်သား ကိုယ်စားလှယ် ၃ ဦးအပါအဝင် ကိုယ်စားလှယ် ၁၄ ဦးက ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အဆိုအောင်ပြီး တိုက်တွန်းလို့ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးရ တာမျိုး လုံးဝမဖြစ်သင့်ပါကြောင်းနဲ့ အဲဒီလိုဆိုရင် Legal Issue Process အရ နိုင်ငံတော်သမ္မတကို စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၆၆၊ ပုဒ်မ ၇၁ (က) (၅) တို့နဲ့လည်း ငြိစွန်းနေကြောင်း ထောက်ပြဆွေးနွေး လိုပါတယ်”ဟု ၎င်းက ပြောသည်။

နိုင်ငံတကာစာချုပ်များ၊ အပြည်ပြည်ဆိုင်ရာ စာချုပ်များတွင် လက်မှတ်ရေးထိုးရန်ဆိုပါက နိုင်ငံတော်သမ္မတအနေဖြင့် စာချုပ်ပါအကြောင်းအရာ၊ ရှင်းလင်းချက်၊ အားသာချက်၊ အားနည်းချက် စသည်တို့ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလာမှသာ ကိုယ်စားလှယ်များက ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး၍ အတည်ပြုသင့် မပြုသင့်ကို ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ဆိုသည်။

အဆိုနှင့်ပတ်သက်သောကိစ္စကို အစိုးရအနေဖြင့် လုပ်ဆောင်နေပြီဖြစ်ကြောင်းနှင့် အဆိုအား မှတ်တမ်းအဖြစ်သာ ထားရှိပေးရန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဝန်ကြီးဌာနဝန်ကြီး ဦးကျော်တင်က ရှင်းလင်းတင်ပြခဲ့သည်။

အဆိုတင်သွင်းသူ ဒေါ်သန္တာက မှတ်တမ်းတင်ခြင်းထက် မှတ်တမ်းတင် စောင့်ကြည့်ပေးပါရန် လွှတ်တော်သို့ ထပ်မံတင်ပြခဲ့ခြင်းကြောင့် ကန့်ကွက်သူ မရှိသဖြင့် မှတ်တမ်းတင်စောင့်ကြည့်ရန် အတည်ပြုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

“အဆိုရှင်တိုက်တွန်းတဲ့ ကိစ္စရပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၉ (က) (ခ) တို့အရ နိုင်ငံတော်သမ္မတရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ဖြစ်ပြီး နိုင်ငံတော်သမ္မတက ဆောင်ရွက်ခြင်းမရှိလို့ ပြည်သူ့လွှတ်တော်က တိုက်တွန်းပေးရသလို ဖြစ်နေပါတယ်”ဟု ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်းက ထပ်လောင်းပြောကြားသည်။

ပုံမှန်အားဖြင့် အပြည်ပြည်ဆိုင်ရာ စာချုပ်များ၊ ကုလသမဂ္ဂအဖွဲ့ဝင်ဆိုင်ရာ စာချုပ်များ၊ လူ့အခွင့်အရေးဆိုင်ရာ စာချုပ်များနှင့် အာဆီယံဆိုင်ရာစာချုပ်များကို သဘောတူ လက်မှတ်ရေးထိုးလိုပါက နိုင်ငံတော်သမ္မတအနေဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စားပြု ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် နှစ်ဦးကို လွှတ်တော်သို့တင်ပြစေ၍ သဘောတူညီမှု ရှိ မရှိ ရယူခြင်းကို သာတွေ့ရသည်။

အထက်ပါအဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၃ ဦးအပါ အဝင် ကြံ့ခိုင်ရေးပါတီဝင်တို့က ကန့်ကွက်ခြင်း၊ ထောက်ပြခြင်းနှင့် အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သော်လည်း NLD ပါတီဝင်တို့က ထောက်ခံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

S-01



  • VIA