News

POST TYPE

NEWS

ဘဏ်ချေးငွေ ဂယက်ကြောင့် သိန်း ၅၀၀၀ အထက် အိမ်၊ ခြံ၊ မြေဈေး ဆက်လက်ကျဆင်း
30-Aug-2019
ရန်ကုန်၊ ဩဂုတ် ၂၉

စီးပွားရေးလုပ်ငန်းရှင်များနှင့် ဘဏ်များတွင် ဖြစ်ပေါ်နေသော ချေးငွေဂယက်ကြောင့် သိန်း ၅၀၀၀ နှင့်အထက် တန်ဖိုးမြင့် အိမ်၊ ခြံ၊ မြေဈေးနှုန်းများ ဆက်လက် ကျဆင်းနိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။ 

ဘဏ်လုပ်ငန်းများတွင် ချေးငွေ အပေါင်အဖြစ် ထားရှိရသည့် မြေကွက်များမှာ သိန်း ၅,၀၀၀ နှင့် သိန်း ၁၀,၀၀၀ အထက် အိမ်ခြံမြေများ အများဆုံးပါဝင်ပြီး ဘဏ်များကလည်း ချေးငွေများကို ပြန်တောင်းတော့မည်ဖြစ်ရာ လုပ်ငန်းရှင်များအနေနှင့် ဘဏ်များသို့ ချေးငွေပြန်ဆပ်နိုင်သည့် အခြေအနေတွင် မရှိသဖြင့် အပေါင်ပစ္စည်းဖြစ်သည့် အိမ်၊ ခြံ၊ မြေများကို အဆုံးခံတော့မည် အခြေအနေရှိနေ၍ ယခုကဲ့သို့ အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းနိုင်ကြောင်း ၎င်းတို့က သုံးသပ်ခြင်းဖြစ်သည်။

“ဘဏ်တွေဘက်က အပေါင်ဆုံးတွေ လာအပ်တာ များလာရင် အရောင်းများလာပြီး ဈေးတွေထိုးကျဆင်းနိုင်တယ်”ဟု မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု အသင်းဒုဥက္ကဋ္ဌ ဦးသန်းဦးက ဆိုသည်။

ဘဏ်အပေါင်ဆုံးအဖြစ် ပြန်လည်ရောင်းချရန်ရှိသည့်အိမ်၊ ခြံ၊ မြေများမှာ ယခင်နှစ်က အလုံးရေ ၅၀၀၀ ဝန်းကျင် ရှိရာမှ လက်ရှိတွင် သောင်းဂဏန်းဝန်းကျင် အထိရှိလာကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ 

လက်ရှိဘဏ်များနှင့် လုပ်ငန်းရှင်များအကြား ချေးငွေပြန်လည်ပေးဆပ်ရမည့် အချိန်ကာလနှင့် ချေးငွေပြန်မဆပ်နိုင်သည့် လုပ်ငန်းများကြောင့် ဖြစ်ပေါ်လာမည့် အကျပ်အတည်းကြောင့် သိန်း ၅၀၀၀ နှင့် အထက် အိမ်၊ ခြံ၊ မြေဈေးကွက်အပေါ် ကြီးမားစွာသက်ရောက်နိုင်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးချုပ် ဦးမျိုးမြင့်ကလည်း သုံးသပ်သည်။ 

“ဘဏ်တွေက အပေါင်သက်သေခံ ပစ္စည်းအဖြစ် လက်ခံတယ်ဆိုတာက မြေကွက်နဲ့ လုံးချင်းတွေပဲဆိုတော့ ဆောက်လုပ်ရေးဈေးကွက်မှာ သက်ရောက်မှုတော့ရှိမယ်”ဟု ဦးမျိုးမြင့်က ပြောဆိုသည်။

အိမ်၊ ခြံ၊ မြေဈေးကွက်သည် ၂၀၁၄ ခုနှစ်နောက်ပိုင်းမှစတင်၍ တဖြည်းဖြည်းချင်းကျဆင်းလာခဲ့ပြီး လက်ရှိတွင် ရွှေဈေးနှုန်းမြင့်တက်မှုနှင့် အခွန်ဥပဒေမူကြမ်းများကြောင့် အရောင်းအဝယ် အနည်းငယ်ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း လက်ရှိဘဏ်များနှင့် လုပ်ငန်းရှင်များအကြား ချေးငွေပြဿနာကြောင့် ဈေးကွက်ယန္တရား အပေါ်သက်ရောက်မှုရှိခဲ့ကြောင်း အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ရေး အကျိုးဆောင်များက တညီတညွတ်တည်းသုံးသပ်သည်။ 

သို့ရာတွင် ဘဏ်များက လာရောက် အပ်နှံသည့် အပေါင်ဆုံး အိမ်၊ ခြံ၊ မြေ များမှာ ပြင်ပပေါက်ဈေးနှင့် ဈေးနှုန်းနှင့် အဆမတန် ကြီးမြင့်နေသဖြင့် အဝယ် နည်းပါးကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် အချို့ထံမှ သိရသည်။

“ဘဏ်တွေကလာအပ်တဲ့ အိမ်၊ ခြံ၊ မြေတွေမှာ ပြင်ပပေါက်ဈေးနဲ့ ဈေးနှုန်း ဟနေတာမျိုးတွေ ရှိတယ်။ သူတို့လာအပ်တဲ့အိမ်တွေက သိန်း ၁၀,၀၀၀ လောက် ဖြစ်နေတယ် အပြင်ပေါက်ဈေးက သိန်း ၇,၀၀၀၊ ၈,၀၀၀ လောက်ပဲ တန်တာမျိုးတွေပေါ့”ဟု မဘုတ်ဘုတ် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်လွင်လွင်မေ (ခ) ဒေါ်ဘုတ်ဘုတ်က ပြောကြားသည်။ 

ပြင်ပဈေးနှုန်း ကိုက်ညီမှုမရှိသည့် အိမ်၊ ခြံ၊ မြေများကို ဘဏ်များက ရာပြတ်များဖြင့် ပြန်လည်ဆုံးဖြတ်ကာ ဈေးနှုန်း လျှော့ချပြီး ပြန်လည်ရောင်းချခြင်းနှင့် လေလံကြမ်းခင်းဈေးအတိုင်း ပြန်လည် ရောင်းချမှုများလည်းရှိကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ရှင်းပြသည်။

စီးပွားရေးလုပ်ငန်းရှင်များထံမှ အပေါင်အဖြစ်ယူထားသည့် အိမ်၊ ခြံ၊ မြေများကို အတိုးအရင်းလာရောက်မဆပ်သည့်အခါ အပေါင်ဆုံးအဖြစ် တရားရုံးများတွင် တရားမမှု၊ ရာဇဝတ်မှုများဖြင့် အမှုအမျိုးအစားအလိုက် တရားစွဲဆိုကြပြီး ဘဏ်တွင် လာပေါင်ထားသည့် ဈေးနှုန်း၊ လာရောက်ပေးချေခြင်းမရှိသည့် အတိုးနှင့် တရားရုံးစရိတ်များကို ပြန်ပေါင်းကာ ဈေးနှုန်းသတ်မှတ်ခြင်းဖြစ်ကြောင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်မှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာညွှန့်ထံမှ သိရသည်။

“ဘဏ်ဘက်က အပေါင်ဆုံးအဖြစ် သတ်မှတ်လိုက်ပြီဆို တရားရုံးမှာ တရားမမှု နဲ့ စတင်တယ်။ ဆုံးသွားတဲ့လုပ်ငန်းရှင်ဘက်က ဒါကို တရားရင်ဆိုင်ရတယ်။ ဒီလို ရင်ဆိုင်ချိန်မှာ ပေါင်ထားတဲ့သူက လာရွေးရင် လက်ခံတာမျိုးရှိတယ်။ အမှုတွေကတော့ နှစ်နဲ့ချီကြာတော့ ဘဏ်တွေဘက်ကလည်း အတိုးအရင်း ဖြည်းဖြည်းဆပ် တာမျိုးကို ပိုလိုလားကြတယ်”ဟု အံထူး ဆောက်လုပ်ရေးလုပ်ငန်းမှ မန်နေဂျာ ကိုဝင်းမင်းအောင်က ပြောကြားသည်။

ဘဏ်များသည် အိမ်၊ ခြံ ၊ မြေများကို အကျိုးဆောင်အပ်နှံခြင်းနှင့် လေလံတင် ရောင်းချခြင်းများရှိပြီး ဝယ်ယူချင်သူဘက်မှ ဘဏ်သို့တိုက်ရိုက်ဆက်သွယ် ဝယ်ယူခြင်းမျိုးဖြင့်လည်း အမျိုးအစားအလိုက် ရောင်းချလျက်ရှိကြောင်း ပုဂ္ဂလိက ဘဏ်အချို့ထံမှ သိရသည်။

ပြည့်ဖြိုးမြင့်မွန်


  • VIA