News

POST TYPE

NEWS

ပြည်သူက အပ်နှံထားသောငွေများ မဆုံးရှုံးစေရန် ဘဏ်များတွင် တာဝန်ရှိ၊ စီးပွားရေးလုပ်ငန်းရှင်များကို ထပ်မံဖြေလျှော့ပေးရန်မရှိဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ပြောကြား
28-Aug-2019
ရန်ကုန်၊ ဩဂုတ် ၂၇

ပြည်သူလူထုက ယုံကြည်မှုဖြင့် လာရောက်အပ်နှံထားသည့် ငွေကြေးများ မဆုံးရှုံးစေရန် ဘဏ်များတွင် တာဝန်ရှိသဖြင့် သက်တမ်းလွန် ချေးငွေများကို ထိရောက်စွာကိုင်တွယ်ရန် လိုအပ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားလိုက်သည်။

“ဘဏ်တွေက ထုတ်ချေးထားတဲ့ ပိုက်ဆံက ငွေကြေးက ဘဏ်ရဲ့ ပိုက်ဆံ မဟုတ်ပါဘူး၊ ပြည်သူတွေက အပ်နှံထားတဲ့ ပြည်သူ့ပိုက်ဆံ ဖြစ်ပါတယ်။ ဘဏ်တွေရဲ့ တာဝန်က ပြည်သူတွေ လာရောက်ပြီး ယုံကြည်စွာအပ်နှံထားတဲ့ ပြည်သူ့ပိုက်ဆံကို စနစ်တကျစီမံခန့်ခွဲဖို့က ဘဏ်ရဲ့ တာဝန်ဖြစ်ပါတယ်”ဟု ဦးစိုးသိန်းက ဆိုသည်။

စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲကို သိရှိသော်လည်း ချေးငွေ စယူချိန်မှစတင်ကာ အတိုးအရင်း လုံးဝပြန်မဆပ်သည့် ချေးငွေ များစွာရှိသဖြင့် ထိရောက်စွာ ကိုင်တွယ်မှုများပြုလုပ်ရန် လိုအပ်ကြောင်း ဦးစိုးသိန်းက ပြောကြား သည်။

ဩဂုတ်လ ၂၇ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မင်းကင်းမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်၏ နောက်ဆက်တွဲ မေးခွန်းဖြစ်သည့် စီးပွားရေးလုပ်ငန်းများ ပြိုမလဲစေရန် ဘဏ်လုပ်ငန်းရှင်များနှင့် ဗဟိုဘဏ်တို့ ဆွေးနွေးမှုများ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ဟု ပြောကြားသည့် မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“လုပ်ငန်းရှင်တွေအနေနဲ့ ဘဏ်ရဲ့ချေးငွေကို ဘယ်လောက်ကြာကြာ မဆပ်ဘဲနေတာလဲ၊ ခြောက်လလား ဒါဆိုရင်ဘဏ်က ညှိနှိုင်းလို့ရတယ်၊ သို့ပေမယ့် ဒီချေးငွေကို အတိုးရော၊ အရင်းရော မဆပ်ဘူး။ ၂ နှစ် ဖြစ်လာပြီ၊ သုံးနှစ်ဖြစ်လာပြီဆိုရင်တော့ ဒီဘဏ်တွေအနေနဲ့ ညှိနှိုင်းတဲ့အဆင့်ကျော်သွားပြီ။ အခုချိန်မှာ သူတို့ကို ထိထိရောက်ရောက် ကိုင်တွယ်ရတော့မှာ ဖြစ်ပါတယ်”ဟု ဦးစိုးသိန်းက ပြောကြားသည်။

“လုပ်ငန်းရှင်တွေအတွက် ဘဏ်တွေက လိုအပ်တာတွေထက်တောင် အများကြီး လိုက်လျောပေးပြီးပါပြီ။ အချိန်တွေလည်း အများကြီးစောင့်ပေးပြီးပါပြီ၊ နောက်ထပ် အလျှော့ပေးပြီး ဆောင်ရွက်ဖို့ မရှိပါဘူး”ဟု ဦးစိုးသိန်းက လွှတ်တော်သို့ ဖြေကြားလိုက်သည်။

အဆိုပါသက်တမ်းလွန် ဘဏ်ချေးငွေ ကိစ္စများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကိုကိုထွေးက “အတိုးမပေးဘူးဆိုတာ စီးပွားရေးကျနေလို့ပါ၊ မပေးချင်လို့ မဟုတ်ပါဘူး။ ဘဏ်တွေ ဆိုတာကလည်း လက်လွတ်စပယ် ချေးတာမရှိဘူး၊ ခိုင်မာမှု ရှိတဲ့သူတွေကိုလောက်ပဲ ချေးတာ။ ဘဏ်တွေဘက်က အတင်းပြန်တောင်းမယ်၊ တရားစွဲမယ်ဆိုလည်း သူတို့အတွက် အကျိုးရှိမှာမဟုတ်ဘူး။ ဒါကို သူတို့ ကိုယ်တိုင်လည်း နားလည်တယ်။ လုပ်ငန်းရှင်တွေလည်း နားလည်တယ်”ဟု ပြောသည်။

အတိုးမပေး၊ အရင်း ပြန်မဆပ်သည့် Non Performance Loan များပြားလာပါက မြန်မာနိုင်ငံ စီးပွားရေးတွင် ငွေကြေးလည်ပတ်မှု နှေးသွားနိုင်ဘူး။ ဘဏ်အပ်ငွေများ လျော့နည်းသွားနိုင်ကြောင်း အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ ဖြိုးရေးဘဏ်မှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာညွန့်က ရှင်းပြသည်။

ပြည်တွင်းဘဏ်များမှ အာမခံ အမျိုးအစားအလိုက် ချေးငွေထုတ်ပေးမှုတွင် မြေနှင့် အဆောက်အအုံများအတွက် အများဆုံးထုတ်ချေးလျက်ရှိပြီး စုစုပေါင်း ချေးငွေများ၏ ၇၇ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံ၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိတွင် အိမ်၊ ခြံ၊ မြေ တန်ဖိုးများ ကျဆင်းလာခြင်းကြောင့် ၂၀၁၄ ခုနှစ်နောက်ပိုင်း အာမခံထားရှိသည့် အိမ်၊ ခြံ၊ မြေ လုပ်ငန်းများ ချေးငွေထက် လျော့နည်းသည့် ပေါက်ဈေးများ ဖြစ်ပေါ်သောကြောင့် ကာလတန်ဖိုးပြန်လည်သတ်မှတ်ကာ လိုအပ်သည့် ငွေကြေးများကို ပြန်လည်တောင်းခံမှုများ ဘဏ်များမှ လုပ်ဆောင်ရကြောင်း ဦးဇေယျာညွန့်ထံမှ သိရသည်။

လက်ရှိ စီးပွားရေးလောကတွင် အဆိုပါချေးငွေများ ပြန်လည်ပေးဆပ်ရမည့်အချိန်ကို စက်တင်ဘာလကုန်တွင် သတ်မှတ်ထားကြောင်းနှင့် လက်ရှိတွင် စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် မျက်ရည်တောက်တောက်ကျသည့် အခြေအနေမျိုးဖြင့် ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ အသင်းနာယက ဦးခင်ရွှေက မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း စတင် ဖွဲ့စည်းသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။ 

ပြည့်ဖြိုးမြင့်မွန်


  • VIA