News

POST TYPE

NEWS

တပ်မတော်နည်းပညာတက္ကသိုလ် တိုက်ခိုက်ခံရမှု ကျောင်းဆရာနှစ်ဦးကို ဖမ်းဆီးစစ်ဆေး
25-Aug-2019

မန္တလေး၊ သြဂုတ် ၂၅

ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်ဝန်းအတွင်းသို့ တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပရဟိတကျောင်းဆရာ အမျိုးသားနှစ်ဦးကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ပြင်ဦးလွင် မြို့မရဲစခန်းမှူး ဒုတိယရဲမှူး လှိုင်မြင့်သိန်းက အတည်ပြု ပြောကြားသည်။

“ဖမ်းဆီးစစ်ဆေးနေတာ ဟုတ်ပါတယ်။ ခုအချိန်အထိတော့ စစ်ဆေးနေဆဲအခြေအနေပါ။ အသေးစိတ် အချက်အလက်တွေ သေချာသိရမှ ကျွန်တော်တို့ ပြန်ပြောပေးပါ့မယ်”ဟု ၎င်းကပြောကြားသည်။

ကွန်ဟိန်းမြို့မှ ရှမ်းပရဟိတကျောင်းတစ်ခုတွင် ပရဟိတကျောင်းဆရာများဖြစ်ကြသည် အသက် ၂၄ နှစ်အရွယ် စိုင်းလင်းဆင့်နှင့်၊ အသက် ၂၈ နှစ်အရွယ် စိုင်းခွန်မိုင်းဆိုသူ ညီအကိုနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။

သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းဝန်းအတွင်းသို့ လက်နက်ကြီးကျည်ငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည့်အပြင် တိုးဂိတ်နှင့် နောင်ချိုမြို့နယ်အတွင်းရှိ တိုးဂိတ်၊ မူးယစ်ဆေးဝါး စစ်ဆေးရေးစခန်း၊ ရဲကင်းစခန်းနှင့် ဂုတ်တွင်းတံတားတို့ကို မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် AA, MNDAA, TNLA တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုများကြောင်း အရပ်သားနှစ်ဦး၊ ရဲတပ်ဖွဲ့ဝင်သုံးဦးနှင့် တပ်မတော်သားများ ၁၅ ဦးခန့် သေဆုံးခဲ့ရသည့်အပြင် ယင်းနေ့မှစတင်ပြီး ရှမ်ပြည်နယ် မြောက်ပိုင်းဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

“ဖမ်းထားတဲ့နှစ်ယောက်က ပြင်စာဘက်ကလို့တော့ သိရပါတယ်။ လက်ရှိမှာက စရဖဘက်က စစ်နေတာပါ။ ကျွန်တော်တို့ နယ်မြေရဲဘက်က စစ်နေတာမဟုတ်ဘူး။ အမှုဖွင့်တာကတော့ ကျွန်တော်တို့စခန်းမှာ စစ်မှာပါ။ စရဖဘက်ကသူတို့နဲ့ဆိုင်တဲ့ ပုဒ်မတပ်ပြီး အမှုဖွင့်ဖို့များတယ်။ လက်ရှိတော့ မဖွင့်ရသေးဘူး”ဟု ပိတ်ချင်းမြောင်နယ်မြေရဲစခန်းမှူး ရဲအုပ်တင်ကိုလတ်က ပြောကြားသည်။

M-04