News

POST TYPE

NEWS

မြေလိုချင်သူများအတွက် အစိုးရပိုင် မြေကွက်များ ရောင်းပေးမည်ဟု ဦးဖြိုးမင်းသိန်းဆို
25-Aug-2019


ရန်ကုန်၊ ဩဂုတ် ၂၄

နေရေးအတွက် မြေကွက်လိုချင် သူများကို အစိုးရက ဒဂုံလေးမြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ရှိ အစိုးရပိုင်သည့်မြေကွက်များကို ရောင်းချပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဩဂုတ်လ ၂၄ ရက်နေ့ကပြုလုပ်ခဲ့သည့် ဒုတိယသမ္မတ ၁ နှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က လယ်ယာမြေသိမ်းဆည်းခံရသည့် တောင်သူများကို ပထမအဆင့်အနေနှင့် ကျပ်ဘီလီယံ ၂၀၀ လျော်ကြေးပေးရန် စီစဉ်ထားပြီး လျော်ကြေးပေးနိုင်ရန်အတွက် အစိုးရတွင် ရှိနေသည့်မြေများကို ရောင်းချပေးခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“နေရေးအတွက်မြေကွက်လိုချင်တယ်ဆိုတဲ့ သူတွေကို ရောင်းပေးမှာဖြစ်ပါတယ်။ ဒီအတွက် မြေဖိုးရယ်၊ အခြေခံအဆောက်အဦဖိုးရယ် ပေးသွင်းရမှာဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းဖို့၊ ရေနုတ်မြောင်းတွေ စနစ်တကျရှိဖို့အတွက် အခြေခံအဆောက်အဦဖိုး ပေးသွင်းရမှာဖြစ်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

ယင်းကဲ့သို့ ရောင်းချပေးခြင်းမှာ မြေကွက်အပိုင်နှင့် နေချင်သူများအတွက် စီစဉ်ရောင်းချပေးခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ထို့ပြင် စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် စက်မှုလက်မှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုသူများကိုလည်း မြေကွက်များရောင်းပေးသွားမည်ဖြစ်ပြီး ကျူးကျော်နေထိုင်သူများနှင့် ဝန်ထမ်းများအတွက်လည်း ချေးငွေရှာဖွေ ပေးသည့်ပုံစံဖြင့် အစိုးရပိုင်သည့်မြေပေါ်တွင် တိုက်ခန်းဖိုးအတွက် ငွေပေးသွင်းစေပြီး စနစ်တကျနေထိုင်ခွင့်ပြုရန် စီစဉ်ထားကြောင်း တိုင်းအစိုးရထံမှ သိရသည်။

“မြေကစားဖို့အတွက် ရောင်းပေးမှာ မဟုတ်ပါဘူး။ မြေကိုကိုင်ထားပြီးတော့ မြေဈေး ကမောက်ကမဖြစ်အောင် လုပ်မယ့်သူတွေကို ခွင့်ပြုမှာမဟုတ်ပါဘူး။ ချက်ချင်းစက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်မယ့်သူတွေကို ရောင်းပေးမှာပါ”ဟု ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

J-11


  • VIA