News

POST TYPE

NEWS

ဘုတလင်တွင် ထန်းပင်တစ်သောင်း ပထမဆုံးအကြိမ်စိုက်ပျိုး
25-Aug-2019
ကလေး၊ သြဂုတ် ၂၅

ဘုတလင်မြို့နယ် ဖလားဖကြိုးပြင်ကာကွယ်တောအတွင်း အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး ထန်းပင်ပေါင်း တစ်သောင်းကို သြဂုတ် ၂၅ ရက်၊ နံနက်ပိုင်းကစိုက်ပျိုးခဲ့ကြောင်း ယင်းမြို့နယ်၊ စိမ်းလန်းစိုပြေရေးအစုအဖွဲ့ထံမှ သိရသည်။

ယင်းမြို့နယ်အတွင်း ထန်းပင်အများအပြားတစ်ပြိုင်နက် စိုက်ပျိုးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး မြို့နယ်စိမ်းလန်းစိုပြေအဖွဲ့အပြင် လူမှုရေးအသင်းများ၊ သစ်ပင်ချစ်မြတ်နိုးသူများ ပူးပေါင်းပါဝင်ခဲ့ကြောင်း ယင်းအဖွဲ့ဝင် ဦးမြင့်ဟန်ထွန်းက ရှင်းပြသည်။

“ထန်းပင်တွေကို ခုတ်တဲ့၊ လှဲတဲ့သူပဲများနေတယ်။ အစားထိုးစနစ်တကျစိုက်နေတာမရှိဘူး။ ကြိုးပြင်ကာကွယ်တောတွေထဲမှာ ဌာနကလည်း သစ်ပင်စိုက်တယ်။ ရှင်သန်မှုအတွက်ကျ သိုး၊ နွား၊ ဆိတ်တွေရဲ့ဒဏ်ကိုခံရတော့ အပင်ရှင်သန်မှုအားနည်းတယ်။ ထန်းပင်ကျတော့ ဖျက်ဆီးတဲ့သူ နည်းတယ်။ ရှင်သန်စေချင်တဲ့ဆန္ဒကြောင့်ပါ”ဟု ဦးမြင့်ဟန်ထွန်းက ပြောကြားသည်။

မြို့နယ်အတွင်း ထန်းပင်များကို အဆောက်အအုံများတည်ဆောက်ရန်၊ အိမ်ထောင်ပရိဘောဂအဖြစ် သုံးစွဲရန်၊ လောင်စာအဖြစ် သုံးစွဲရန်စသည်ဖြင့် ခုတ်လှဲကြရာမှ ထန်းပင်များနည်းလာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ထန်းပင်သည် အပင်ကြီးထွားနှုန်းနှေးသော်လည်း သေချာပေါက်ရှင်သန်သည့် အပင်ဖြစ်ခြင်းကြောင့် ထန်းပင်ကို စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ယခုစိုက်ပျိုးမှုအပြင် ထပ်မံ၍လည်း ထန်းပင်နှစ်သောင်းစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

R-20




  • VIA