News

POST TYPE

NEWS

ကုန်ထုတ်လုပ်ငန်းများ နည်းပညာအကူအညီရယူနိုင်
23-Aug-2019
ရန်ကုန်၊ ဩဂုတ် ၂၂

ကုန်ထုတ်လုပ်ငန်းရှင်များအနေနှင့် မိမိတို့၏ ကုန်ထုတ်လုပ်ငန်းများနှင့်ပတ်သက်၍ အရည်အသွေး ကောင်းမွန်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာအထောက်အပံ့များ လျှောက်ထားရယူနိုင်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။

နည်းပညာထောက်ပံ့ပေးမည့် ကဏ္ဍများတွင် စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ၊ စိုက်ပျိုးရေးအခြေခံ သစ်သီးဝလံပန်းမန် စိုက်ပျိုးမှုဆိုင်ရာ နည်း ပညာများ၊ ရော်ဘာအခြေခံ ထုတ်ကုန်များ၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများနှင့် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာများ၊ ကုန်ထုတ်လုပ်မှု စီမံခန့်ခွဲမှုဆိုင်ရာများ စသည့်လုပ်ငန်းများဖြစ်သည်။

နည်းပညာပံ့ပိုးပေးခြင်းကို နယ်သာလန် PUM Netherlands Senior Experts အဖွဲ့အစည်းမှ သက်ဆိုင်ရာနယ်ပယ်တွင် နှစ် ၃၀ ကျော်ကြာ နိုင်ငံတကာအတွေ့အကြုံရှိသည့်ပညာရှင်များက ကူညီထောက်ပံ့ပေးမည်ဖြစ်ပြီး နည်းပညာအထောက်အပံ့ရယူလိုပါက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဇင်စိုး ဖုန်း ဝ၉- ၄၄၈၀၁၆၇၀၂၊ အီးမေးလ် [email protected] ထံ ဆက်သွယ်နိုင်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။

နည်းပညာအထောက်အပံ့ရယူပါက ပညာရှင် မိမိဒေသသို့ရောက်ရှိနေစဉ်အတွင်း နေထိုင်စားသောက်မှုစရိတ်၊ စကားပြန်စရိတ်နှင့် ဒေသတွင်းသွားလာ စရိတ်များကို လျှောက်ထားသူက ကျခံရမည်ဖြစ်ပြီး ပညာရှင် မြန်မာနိုင်ငံသို့ လာရောက်သည့်လေယာဉ်စရိတ်ကို သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများက ကျခံပေးမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနသည် အငယ်စား၊ အသေးစားနှင့် အလတ်စား (MSMEs) လုပ်ငန်းရှင်များအတွက် ဈေးကွက်ဝင်အရည်အသွေး ကောင်းမွန်သည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သည့်နည်းပညာဆိုင်ရာ အကြံပေးမှုများဆောင်ရွက်ပေးရန်နှင့် လုပ်ငန်းခွင်အတွင်းကြုံတွေ့နေရသည့် အခက်အခဲများကိုဖြေရှင်းနိုင်ရန်အတွက် PUM Netherlands Senior Experts အဖွဲ့နှင့်ဆက်သွယ်၍ စာတွေ့၊ လက်တွေ့ဆိုင်ရာ အကြံဉာဏ်ပံ့ပိုးမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ယင်းဌာနမှ သိရသည်။  

J-11


  • VIA