News

POST TYPE

NEWS

ကိုရီးယားသို့သွားရောက်အလုပ်လုပ်မည့်သူများ ကွမ်းနှင့် တားမြစ်ပစ္စည်း သယ်ဆောင်ခြင်းမပြုရန် သတိပေး
23-Aug-2019

ရန်ကုန်၊ ဩဂုတ် ၂၂ 

ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့် မြန်မာအလုပ်သမားများအနေနှင့် ကွမ်း အပါအဝင် တားမြစ်ပစ္စည်းများကို သယ်ဆောင်ပါက ပြည်ဝင်ခွင့် မပြုသည့်အထိ အရေးယူခံရနိုင်သဖြင့် သယ်ဆောင်ခြင်း မပြုလုပ်ရန် အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီက သတိပေးချက် ထုတ်ပြန်ထားသည်။

“တားမြစ်ပစ္စည်းတွေကို သယ်ဆောင်ရင် ဝမ်သန်းနဲ့ချီပြီး ဒဏ်ကြေးဆောင်ရမယ့်အပြင်ကို ပြည်ဝင်ခွင့်ပါမရတော့မှာ။ မြန်မာမှမဟုတ်ဘူး။ ကိုရီးယားကို လာတဲ့သူအားလုံး လေဆိပ်မှာ ပစ္စည်းသယ်လာတဲ့ ဘယ်လူမျိုးမဆို ဘယ်နိုင်ငံမဆို သူ့နိုင်ငံဝင်ရင် အဲဒါမသယ်ရဘူး”ဟု အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းလွင်က ပြောကြားသည်။

အဆိုပါ တားမြစ်ပစ္စည်းများကို သယ်ဆောင်ပါက အနည်းဆုံး ဝမ် ၃ သန်းမှ ဝမ် ၅ သန်းအထိ ဒဏ်ကြေးငွေ ပေးဆောင်ရခြင်း၊ ပြည်ဝင်ခွင့် မပြုခြင်းတို့ကို ကိုရီးယား သမ္မတနိုင်ငံက အထူးစီမံချက်ချကာ စစ်ဆေးဆောင်ရွက်နေကြောင်း အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီ၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာဖြစ်သည့် POEA- EPS တွင် ဖော်ပြထားသည်။

ထို့ပြင် ကွမ်းနှင့် ပတ်သက်သည့် ပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့် စိုက်ပျိုးရေး ထွက်ပစ္စည်းများဖြစ်သည့် မျိုးစေ့ သရက်သီး၊ သံပရာသီး စသည့်တို့ကိုလည်း သယ်ဆောင်ခြင်းမပြုရန် ကိုရီးယားနိုင်ငံက အထူးသတိ ပေးချက်ထုတ်ပြန်ထားသည်။ 

ကိုရီးယားနိုင်ငံအနေနှင့် ကြက်သား၊ အမဲသား၊ ဆိတ်သား၊ ဝက်သား စသည့် မည်သည့် အသားကြော်မျှ သယ်ဆောင်ခြင်း မပြုရန်နှင့် ရေထွက်ပစ္စည်းများဖြစ်သည့် ငါးခြောက်၊ ပုစွန်ခြောက်ကြော်တို့ကို လက်ခံသော်လည်း ငါးခြောက်အကောင်လိုက် သယ်ဆောင်ခြင်းကိုမူ ကန့်သတ်ထားသည်။ 

သတိပေးချက်ထဲတွင် ကိုရီးယား အလုပ်သမားများအနေနှင့် တားမြစ်ပစ္စည်းများ သယ်ဆောင်ခြင်း မပြုသင့်သည့်အပြင် ခရီးစဉ်မထွက်ခွာမီ ပေးသွင်းခဲ့သည့် ကြိုတင်အာမခံကြေးငွေ ၁၅ သိန်း ချလန်မူရင်းကို သေချာသိမ်းဆည်းထားရန်ကိုပါ သတိပေးထားသည်။

ကိုရီးယားနိုင်ငံတွင် ယခုနှစ် အစောပိုင်းက တောင်ကိုရီးယားနိုင်ငံက သတင်းဌာနများတွင် မြန်မာလုပ်သားများ ကွမ်းယာစားသုံးမှုနှင့် ပတ်သက်ပြီး အကျယ်တဝင့်ဖော်ပြခဲ့ခြင်းများရှိသည်။

ကိုရီးယားနှင့် မြန်မာနှစ်နိုင်ငံ အစိုးရချင်း ချိတ်ဆက်ပြီး ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများတွင် လုပ်သား သုံးသောင်းရှစ်ထောင်ကျော်ခန့် စေလွှတ်ထားကြောင်း အစိုးရထုတ်ပြန်ချက်များအရ သိရသည်။ 

စိုင်းဟန်