News

POST TYPE

NEWS

ရေထဲမှ မိုက်ခရိုပလတ်စတစ်များက အသေးစား ကျန်းမာရေးအန္တရာယ် ဖြစ်စေနိုင်ကြောင်း အထောက်အထားများ ညွှန်ပြ
23-Aug-2019


ဂျီနီဗာ၊ ဩဂုတ် ၂၂

သောက်ရေထဲမှ မိုက်ခရိုပလတ် စတစ်အမှုန်များသည် လက်ရှိအဆင့်တွင် ကျန်းမာရေးဘေးသင့်မှု အန္တရာယ်ပေးနိုင်ပုံမရဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ပထမဆုံးဖြစ်သော အစီရင်ခံစာတွင် မိုက်ခရိုပလတ်စတစ်အမှုန်နှင့် ပိုသေးသောအမှုန်များသည် ခန္ဓာကိုယ်အတွင်း စုပ်ယူခံရခြင်းမရှိဘဲ ဖြတ်သန်း ထွက်သွားကြောင်း ဖော်ပြထားသည်။

သို့ရာတွင် အချက်အလက်အနည်း ငယ်အပေါ်တွင် အခြေခံထားရသောကြောင့် နောက်ထပ် သုတေသနပြုရန်နှင့် ပိုမိုသိရှိ ရန် အရေးပေါ် လိုအပ်နေသည်ဟု WHO က ဆိုသည်။

နာမည်ကြီးတံဆိပ် ရေသန့်ပုလင်းများစွာတွင် ပလတ်စတစ်အမှုန်များ ပါဝင်နေခြင်းကို Orb မီဒီယာက တွေ့ရှိခဲ့ပြီးနောက် WHO မှ ဒေါက်တာဘရုစ် ဂေါ်ဒွန်က လေ့လာတွေ့ရှိချက်များကို ထုတ်ပြန်ပေးမည်ဟု မနှစ်ကတည်းက ဘီဘီစီသို့ ကတိပေးခဲ့သည်။

မိုက်ခရိုပလတ်စတစ်ဟုခေါ်သော အလျား 5mm ထက်ပိုသေးသော ပလတ်စတစ်စများကို မြစ်ချောင်းများ၊ ရေကန်များ၊ သောက်ရေကန်များနှင့် ရေသန့်ဘူးများတွင် တွေ့ရှိနေရသည်။

ရေထဲတွင် ပါရှိသော ပလတ်စတစ် အမှုန်များနှင့်ပတ်သက်၍ လွန်ခဲ့သော နှစ်အနည်းငယ်ကမှ သုတေသနပြုခဲ့ သောကြောင့် အထောက်အထား နည်းပါးနေသေးသည်ဟု WHO က ပြောကြားသည်။

ထို့ပြင် သုတေသနပြုမှုများကို စံသတ်မှတ်ခြင်း မပြုရသေးသည့်အတွက် ပညာရှင်အမျိုးမျိုးက ရေစစ် filter အမျိုးမျိုးဖြင့် ရေအရင်းအမြစ် အမျိုးမျိုးထဲမှ ပလတ်စတစ်အမှုန်များကို ရှာဖွေနေကြသည်ဟု သိရှိရသည်။

“တစ်ယောက်က ရေတစ်လီတာမှာ အမှုန်ပေါင်း ၁၀၀၀ တွေ့တယ်လို့ပြောပြီး နောက်တစ်ယောက်က တစ်မှုန်ပဲတွေ့တယ်လို့ ပြောတယ်။ အသုံးပြုတဲ့ filter အပေါ်မှာ မူတည်ပြီး ကွဲပြားနေတာဖြစ်ပါတယ်”ဟု ဒေါက်တာဂေါ်ဒွန်က ပြောကြားသည်။

လက်ရှိ တွေ့ရှိထားသည့် အထောက်အထားများအရ မိုက်ခရိုပလတ်စတစ် အမှုန်များသည် ခန္ဓာကိုယ်အတွင်း၌ စုပ်ယူခံရခြင်းမရှိဘဲ ဖြတ်သန်းသွားနေသည်ဟု ၎င်းက ပြောကြားသည်။

မှန်ကန်သော ရေဆိုးသန့်စင်မှုစနစ် တစ်ခုသည် မစင်နှင့် ဓာတုပစ္စည်းများကို ဖယ်ရှားရမည့်အပြင် မိုက်ခရိုပလတ်စတစ် ၉၀ ရာခိုင်နှုန်းကို သန့်စင်နိုင်ရမည်ဟု WHO က စံသတ်မှတ်ထားသည်။

“ကမ္ဘာပေါ်က လူပေါင်း ၂ ဘီလီယံဟာ မစင်ရောနှောပါဝင်နေတဲ့ သောက်ရေကို သောက်နေရတယ်။ ဒါကြောင့် တစ်နှစ်ကို လူတစ်သန်းလောက် သေဆုံးနေရတယ်။ ဒီကိစ္စကို အလေးထားဖို့လိုတယ်”ဟု ဒေါက်တာဂေါ်ဒွန်က ပြောကြားသည်။

ထို့ပြင် ပလတ်စတစ်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုသည် အရေးပေါ် ပြဿနာဖြစ်သည်ဟု WHO က ယူဆသောကြောင့် ပလတ်စတစ်အသုံးပြုမှု လျှော့ချရေးကို အလေးထားတိုက်တွန်း လျက်ရှိသည်။

ပုလင်းသွတ် သောက်ရေသည် ဘုံဘိုင်ရေထက် မိုက်ခရိုပလတ်စတစ် ပိုမိုပါဝင်ကြောင်းကို သုတေသနအချို့တွင် တွေ့ရှိခဲ့ပြီး အကြောင်းရင်းကို တိကျစွာ မသိရသေးပေ။ ဖြစ်နိုင်သောအကြောင်း ရင်းမှာ ပလတ်စတစ်အမှုန်များ ရောနှောပါဝင်နေသော ရေအရင်းအမြစ်ကြောင့် ဖြစ်နိုင်ပြီး ရေသန့်ဘူးနှင့် အဖုံးများ ပြုလုပ်ရာတွင် အသုံးပြုသော ပလတ်စတစ် ပေါ်လီမာများကြောင့်လည်း ဖြစ်နိုင်သည်ဟု သိရှိရသည်။  

F-04


  • VIA