News

POST TYPE

NEWS

ပုဂံ-ညောင်ဦးတွင် ညဈေးဖွင့်မည်
22-Aug-2019
မန္တလေး၊ ဩဂုတ် ၂၂

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရွှေစည်းခုံဘုရားဝတ္တကမြေပေါ်တွင် ညဈေးတစ်ခုဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ စုံစမ်းသိရှိရသည်။

ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ကာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဟန်ချက်ညီစေရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း ညောင်ဦးမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ခိုင်က ပြောကြားသည်။

ပုဂံဒေသတွင် ဈေးသည်များက အဆင်ပြေသလို ရောင်းချနေကြရာမှ စနစ်တကျဖြစ်စေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်၊ စည်းကမ်းတကျဖြစ်စေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါညဈေးကို ရွှေစည်းခုံဘုရား ဝတ္တကမြေပေါ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရွေ့လျားစနစ်ဖြင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ လာမည့်စက်တင်ဘာလအတွင်း ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်နေပြီး လက်ရှိအချိန်တွင် လျှောက်လွှာများခေါ်ယူနေရာ ဩဂုတ်လကုန်အထိလျှောက်ထားနိုင်ကြောင်း ညောင်ဦးမြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ယင်းညဈေးကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေစည်းခုံဘုရားဂေါပကအဖွဲ့၊ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

ပုဂံ-ညောင်ဦးတွင် ဈေးသည်စုစုပေါင်း အနည်းဆုံး ၃၀၀ ခန့်ရှိပြီး လျှောက်ထားမှုများကိုစိစစ်၍ နေရာချထားပေးမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

M-05