News

POST TYPE

NEWS

ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံမည့်နေ့ တစ်ဦးမှ ဝင်ရောက်လာခြင်းမရှိ
22-Aug-2019

ရန်ကုန်၊ ဩဂုတ် ၂၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံမည် ဩဂုတ် ၂၂ ရက် (ယနေ့) တွင် မြန်မာအစိုးရ တာဝန်ရှိသူများက စောင့်ဆိုင်းနေသော်လည်း စတင်သည့် နေ့တွင် တစ်ဦးမှ ဝင်ရောက်လာခြင်းမရှိကြောင်း အဆိုပါ ပြန်လည်လက်ခံရေးစခန်းများမှ သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပေးပို့လာသည့် စာရင်းများအရ စိစစ်ပြီး နေရပ်စွန့်ခွာသူ ၃၀၀၀ ကျော်ခန့်ကို ဩဂုတ်လ ၂၂ ရက်နေ့မှ စတင်လက်ခံရန် နှစ်နိုင်ငံ သဘောတူထားခြင်းဖြစ်သည်။

အဆိုပါ လက်ခံမည့် ၃၀၀၀ ကျော်ကို မောင်တောမြို့နယ်ရှိ ငါးခူရနှင့် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းများတွင် လက်ခံရန် ဩဂုတ်လ ၂၂ ရက်နေ့က တစ်နေကုန် မြန်မာအာဏာပိုင်များက စောင့်ဆိုင်းနေသော်လည်း စခန်းနှစ်ခုလုံးမှ တစ်ဦးမှ ပြန်လည်ဝင်ရောက်လာခြင်းမရှိခြင်းဖြစ်သည်။

ပြန်လည်လက်ခံမည့် အချိန်ကို မနက်မှ ညနေအထိ ရုံးအချိန်အတွင်း ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်း အထက်မှ ညွှန်ကြားချက်ရှိသည်အထိ ဆက်လက်ဖွင့်လှစ်ထားရမည်ဖြစ်ကြောင်း မောင်တောခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူးက The Voice သတင်းစာသို့ ပြောကြားသည်။

“ကျွန်တော်တို့က ဝန်ထမ်းတွေဆိုတော့ စောင့်ရမယ့်ကာလအထိ စောင့်နေရမှာပဲပေါ့။ ရုံးအချိန်အတိုင်း တစ်နေကုန် စောင့်ဆိုင်းခဲ့တယ်။ တစ်ယောက်မှ ပြန်ဝင်လာတာမရှိဘူး” ဟု ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းမည့် လူဦးရေ နှစ်သောင်းကျော် စာရင်းအနက် ပြန်လည်စိစစ်ပြီးစီးထားသည့် ၃၀၀၀ ကျော်ကို စတင်လက်ခံသွားရန် မြန်မာအစိုးရက စီစဉ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လက်ခံမည့် ၃၀၀၀ ကျော်စာရင်းသည် မြန်မာနိုင်ငံအတွင်း အမှန်တကယ် နေထိုင်ခဲ့သည့် အထောက်အထားများရှိကြောင်း စိစစ်ထားသည့် စာရင်းများဖြစ်ကာ အကြမ်းဖက်တိုက်ခိုက်မှုများနှင့်လည်း ပတ်သတ်ခဲ့များမဟုတ်သည့် အထောက်အထားရှိသူများလည်းဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနှင့် ပြန်လည်လွှဲပြောင်းမည့် စာရင်း ၂၂၄၃၂ ဦးကို ပေးပို့ထားပြီးဖြစ်ကာ အစိုးရအနေနှင့်လည်း ပထမအကြိမ် ၃၄၅၄ ဦးကို စိစစ်လက်ခံသွားမည်ဖြစ်ကြောင်း မြန်မာအစိုးရကလည်း ထုတ်ပြန်ထားပြီးဖြစ်သည်။

အဆိုပါ စာရင်းတွင် ပါဝင်သည့် ဒုက္ခသည် အရေအတွက် ၃၀၀၀ ကျော်အနက် တစ်ရက်တွင် သုံးရာဦးစီကို ငါးခူရနှင့် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေး စခန်းနှစ်မှ တစ်ပြိုက်နက်လက်ခံသွားမည်ဖြစ်ကာ မူလနေရပ်များသို့ ပြန်မပို့မီ လှဖိုးခေါင် ကြားစခန်းတွင် လက်ခံထားရှိသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အဆိုပါ ဒုက္ခသည် စခန်းများတွင်လည်း ယင်းပြန်လည်လက်ခံရေး အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်နေပြီး နိုင်ငံသားအခွင့်အရေး အပြည့်အဝ မရရှိသေးခြင်းနှင့် လုံခြုံမှုမရှိသေးခြင်းတို့ကြောင်း သွားရောက်လိုခြင်း မရှိသေးကြောင်း ကန့်ကွက်ဆန္ဒပြမှုများ ရက်ပိုင်းအတွင်းက ပြုလုပ်ထားသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းကလည်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် ဘင်္ဂါလီ ဒုက္ခသည်များကို မြန်မာအစိုးရအနေနှင့် ပြန်လည်လက်ခံရန် လုပ်ဆောင်ခဲ့သော်လည်း ၎င်းတို့အနေနှင့် ဝင်ရောက်လာခြင်းမရှိကြဘဲ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တစ်ခုလုံး ပျက်ပြယ်ခဲ့ရသည်။

ယင်းနောက်ပိုင်းတွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား နှစ်နိုင်ငံ ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ခဲ့ရပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်နိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ကာ ပြန်လည်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

J-08