News

POST TYPE

NEWS

NLD ပါတီကို ပုတ်ခတ်ပြောဆိုသူကို အမှုဖွင့်ဖမ်းဆီး
22-Aug-2019
တောင်ငူ၊ သြဂုတ်၂၂

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဖေ့စ်ဘွတ်ခ့်အကောင့်တစ်ခုမှ ပုတ်ခတ်ရေးသားပြောဆိုခဲ့သည်ဆိုကာ တောင်ငူမြို့နယ် ဒိုးသောင်ကျေးရွာအုပ်စု ရွှေမင်းဝံကျေးရွာမှ အမျိုးသားတစ်ဦးကို သြဂုတ်လ ၂၁ ရက်တွင် နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၁၂၄ (က) ဖြင့် ဖမ်းဆီးအမှုဖွင့်လှစ်ခဲ့ကြောင်း ထုံဘိုနယ်မြေရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပြီးခဲ့တဲ့နှစ်ပတ်ကျော်က တောင်ငူမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုးက အမှုဖွင့်လှစ်တိုင်ကြားခဲ့တာဖြစ်ပါတယ်။ မနေ့ကပဲ ဖမ်းဆီးတရားစွဲဆိုခွင့် တောင်ငူမြို့နယ်တရားရုံးက ပြန်လည်ချထားပေးလိုက်တဲ့အတွက် ဖမ်းဆီးချုပ်နှောင်လိုက်ပါပြီ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါအမျိုးသားသည် ဘကြီးမောင်ပြန်လာပြီဆိုသည့် facebook အကောင့်မှ NLD အစိုးရသည် မုဒိမ်းကောင်များ မွေးထုတ်ပေးသည်ဟု ရေးသားခဲ့သဖြင့် သြဂုတ်လ ၂ ရက်က တောင်ငူမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုမှုကို ကျင့်ထုံး ၂၀၂ အရ တရားရုံးက လက်ခံခဲ့ခြင်းဖြစ်ကြောင်း တောင်ငူမြို့နယ်အုပ်ချုပ်ရးဦးစီးဌာနမှ သိရသည်။

တောင်ငူမြို့နယ် ရွှေမင်းဝံကျေးရွာနေ ဦးမောင်မောင် (၄၄ နှစ်) သည် ယခုနှစ် ဇူလိုင်လခန့်မှစတင်ပြီး ဘကြီးမောင်ပြန်လာပြီဆိုသော Facebook အကောင့်မှနေပြီး NLD ကို မဲပေးခဲ့ရသည်မှာ သံဃာစင်ပါပျောက်နေပြီ၊ NLD ကမွေးထုတ်ပေးခဲ့သည်မှာ မုဒိမ်းကောင်တွေ၊ သူခိုးကောင်တွေ၊ ဓားမြကောင်တွေနှင့် ဘာသာဖျက်တွေကုလားတွေဟု ပြောဆိုရေးသားခဲ့ခြင်းဖြစ်ပြီး ယခုလ ၂၁ ရက်နေ့က ထုံးဘိုနယ်မြေရဲစခန်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဦးမောင်မောင်ကို ထုံးဘိုနယ်မြေရဲစခန်းတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ဖမ်းဆီးတရားစွဲဆိုဆောင်ရွက်ထားပြီး ယင်းဥပဒေသည် ထောင်ဒဏ် ၃ နှစ်မှ တစ်သက်တစ်ကျွန်းအထိသော်လည်းကောင်း ထောင်ဒဏ်၊ ငွေဒဏ်နှစ်ရပ်လုံးကိုသော်လည်းကောင်း ချမှတ်နိုင်သည်ဟု ဥပဒေတွင် ပြဌာန်းထားသည်။

R-15


  • VIA