News

POST TYPE

NEWS

နှစ်စဉ် ဘီလီယံရာနှင့်ချီ ရှုံးနေသည့်လျှပ်စစ် လာမည့်နှစ်တွင် ၃၂ ဘီလီယံအမြတ်ရမည်ဟုဆို
22-Aug-2019
နေပြည်တော်၊ ဩဂုတ် ၂၁

နှစ်စဉ်ဘီလီယံပေါင်းရာချီ အရှုံးပေါ်နေသည့် လျှပ်စစ်ကဏ္ဍသည် ၂၀၁၉-၂၀ ( အောက်တိုဘာ ၁ ရက်မှစမည့် ဘဏ္ဍာနှစ်) ဘဏ္ဍာနှစ်တွင် ကျပ် ၃၂ ဘီလီယံ အမြတ်ရမည်ဟု မျှော်မှန်းထားကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက တင်ပြလိုက်သည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၉-၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ဘဏ္ဍာရေးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေဆိုင်ရာ၊ ရငွေသုံးငွေဆိုင်ရာ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို တင်ပြရာတွင် အထက်ပါအတိုင်း လျှပ်စစ်ကဏ္ဍကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ လျှပ်စစ်ကဏ္ဍမှ ၂၀၁၆ - ၁၇ တွင် ကျပ်ဘီလီယံ ၃၄၀ ၊၂၀၁၇-၁၈ ခုနှစ်တွင် ကျပ်ဘီလီယံ ၃၆၄ နှင့် ၂၀၁၈ - ၁၉ တွင် ကျပ်ဘီလီယံ ၆၀၆ ခန့် အရှုံးပေါ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် လျှပ်စစ်မီတာခ ဈေးနှုန်း ပြင်ဆင်သတ်မှတ်ခြင်းတို့ကြောင့် ယင်းကဲ့သို့ ဖြစ်ပေါ်လာမည်ဟု ခန့်မှန်းထားခြင်းဖြစ်ကြောင်း ကော်မတီက ဆိုသည်။

လက်ရှိတွင် ပြည်သူအများစုသည် လျှပ်စစ်ကိုရွှေတာသုံးစွဲနေပြီဖြစ်သည့်အပြင် လျှပ်စစ်ဝန်ကြီးဌာနအနေနှင့်လည်း ဝန်ကြီးဌာန အသီးသီးအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများကို လျှပ်စစ်စွမ်းအင် လျော့ချသုံးစွဲရေးအတွက် ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးကလည်း ၎င်း၏ ရှင်းလင်းချက်တွင် ထည့်သွင်းပြောကြားထားသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနှင့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် စွမ်းအင်ကဏ္ဍ၏ရေနံနှင့် သဘာဝဓာတ်ငွေ ထုတ်လုပ်မှုမှ ကျပ် ၇၀၃ ဘီလီယံ အမြတ်ငွေ ရရှိမည်ဖြစ်သောကြောင့် လျှပ်စစ်ကဏ္ဍနှင့် စွမ်းအင်ပေါင်းလျှင် ကျပ် ဘီလီယံ ၇၃၅ အထိရရှိရန် မျှော်မှန်းထားကြောင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်တွင် ပါရှိသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ် လုပ်မှုသည် နှစ်စဉ် အမြတ်ရရှိခဲ့ပြီး၂၀၁၆ - ၁၇ ခုနှစ်က ကျပ် ၅၃၈ ဘီလီယံ၊ ၂၀၁၇ - ၁၈ ခုနှစ်တွင် ကျပ် ၅၄၅ ဘီလီယံ ရရှိခဲ့ပြီး ၂၀၁၈-၁၉ ခုနှစ်တွင် ၉၇၄ ဘီလီယံခန့် ရရှိမည်ဟု မျှော်မှန်းထားခြင်းဖြစ်သည်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော် မတီ၏အစီရင်ခံစာကို ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ဖတ်ကြားတင်ပြခဲ့ခြင်းဖြစ်သည်။

ယင်းတွေ့ရှိချက် အစီရင်ခံစာကို အကြောင်းအရာအလိုက် ဆွေးနွေးမည့်ကိုယ်စားလှယ်များအနေနှင့် အမည်စာရင်း ပေးသွင်းရန် ပြည်ထောင်စုလွှတ်တော် နာယကဦးတီခွန်မြတ်က ကြေညာထားသည်။

S-01