News

POST TYPE

NEWS

ရန်ကုန်မြို့သစ်၏ လျှပ်စစ်နှင့်သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးရေးအတွက် ထိုင်းနှင့် အိန္ဒိယကုမ္ပဏီတို့ကိုရွေးချယ်
21-Aug-2019


ရန်ကုန်၊ ဩဂုတ် ၂၁

ရန်ကုန်မြို့သစ်စီမံကိန်းတွင် NYDC မှ လျှပ်စစ်မီးနှင့်သဘာဝဓာတ် ငွေ့ကဏ္ဍအတွက် ထိုင်းနိုင်ငံအခြေစိုက် PTT Group နှင့် အိန္ဒိယနိုင်ငံအခြေစိုက် (IGL Consortium) တို့ကို ရွေးချယ်ထားကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ NYDC က ဩဂုတ် ၂၀ ရက်တွင် ထုတ်ပြန်သည်။

NYDC ၏ ဒုတိယဥက္ကဋ္ဌနှင့် CEO ဖြစ်သူ ဦးသိမ်းဝေက “ကျန်ရှိနေတဲ့ ကဏ္ဍတွေထဲက Cyber Connectivity Infrastructure ကဏ္ဍအတွက်လည်း စိစစ်မှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပြီး စိစစ်မှုတွေပြီးသွားတဲ့အချိန်မှာ ကြေညာပေးသွားပါမယ်”ဟု ပြောသည်။

လျှပ်စစ်မီးကဏ္ဍအတွက် PTT Group နှင့် သဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေး ကဏ္ဍအတွက် IGL Consortium ကို ရွေးချယ်ထားခြင်းဖြစ်ပြီး ကုမ္ပဏီများအနေနှင့် NYDC Challenge တင်ဒါ လုပ်ငန်းစဉ်အရ စီမံကိန်းအကြို အဆိုပြုလွှာ ပြင်ဆင်ရန်အတွက် လိုအပ်သည့်အစီအစဉ်နှင့် လေ့လာမှုများပြုလုပ်နိုင်ရန် NYDC နှင့် ဆက်လက် ဆွေးနွေးသွားရမည်ဖြစ်ကြောင်း NYDC ထံမှ သိရသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၁ ရက်က ရန်ကုန်မြို့သစ် ပထမအဆင့် ၂ တွင် အခြေခံအဆောက်အဦ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် အခြေခံအဆောက်အဦ စီမံကိန်းများဖြစ်သည့် Power Supply and Distribution , Naturall Gas Supply and Distribution , Cyber Connectivity , Public Transport , Waste Management နှင့် Convention Center တို့အတွက် လုပ်ငန်းဆောင်ရွက်မည့်အဆိုပြုလွှာကို ကြေညာခဲ့ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

NYDC အနေနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် EOI တင်သွင်းမှု ၇၇ ခုကို ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၄၅ ခုလက်ခံရရှိထားပြီး စိတ်ဝင်စားမှုအဆိုပြုလွှာများကို ရွေးချယ်နိုင်ရေးအတွက် Infrastructure Asia (IA) အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးမြင့်မွန်