News

POST TYPE

NEWS

ရန်ကုန်မြို့ရှိ ဟိုတယ်အခန်းငှားရမ်းမှု ၄၀ ရာခိုင်နှုန်းအထိ ကျဆင်း
21-Aug-2019

ရန်ကုန်၊ ဩဂုတ် ၂၁

ရန်ကုန်မြို့ရှိ အဆင့်မြင့်ဟိုတယ်ခန်းများ၏ အခန်းငှားရမ်းမှုမှာ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းနေပြီး ပျမ်းမျှအခန်း ငှားခများမှာ ၈၅ ဒေါ်လာအထိ ဆက်လက်ကျဆင်းခဲ့ကြောင်း ကနေဒါအခြေစိုက် အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုနှင့် အကြံပေးလုပ်ငန်း Colliers International (Myanmar) ၏ ၂၀၁၉ ခုနှစ် ဒုတိယ သုံးလပတ် ဈေးကွက်သုံးသပ်ချက်အရ သိရသည်။

လက်ရှိရန်ကုန်မြို့တွင် လုပ်ငန်းလည်ပတ်လုပ်ကိုင်လျက်ရှိသည့် ဟိုတယ် အခန်းပေါင်း ၅၃၀၀ ကျော်ရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် အခန်းပေါင်း ၅၇၀၀ ကျော်ဖြစ်လာနိုင်ကြောင်း အဆိုပါသုံးသပ်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တွင် နိုင်ငံတကာ ဟိုတယ် အလုံး ၃၀ ကျော်ဖွင့်လစ်ထားပြီး တည်ဆောက်ဆဲ အဆောက်အအုံ ၁၀ ခုနှင့် ဆောက်လုပ်ခွင့်ကျပြီး စီမံကိန်းပေါင်း ၂၀ ရှိကြောင်း Colliers International (Myanmar) ၏စာရင်းများအရ သိရသည်။

လာမည့်နှစ်တွင် တည်ဆောက်ဆဲ စီမံကိန်း ၁၀ ခုမှ အခန်းပေါင်း ၂၀၀၀ ကျော် ထွက်ရှိလာမည်ဖြစ်သဖြင့် လာမည့် ၂၀၂၁ ခုနှစ်တွင် ဟိုတယ်အခန်းပေါင်း ၇၀၀၀ ဝန်းကျင်အထိ တိုးပွားလာနိုင်ကြောင်း ၎င်းတို့က သုံးသပ်သည်။

ရန်ကုန်မြို့၏ ဟိုတယ်အခန်း ငှားရမ်းမှုနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ၄၃ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ်တွင် ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

ဟိုတယ် ငှားရမ်းခနှုန်းထားများသည် ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၃ ဒေါ်လာမှ ၂၀၁၉ ခုနှစ်တွင် ၈၅ ဒေါ်လာအထိရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စာရင်းဇယားများအရသိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံခြားသားခရီးသည်ဝင်ရောက်မှုသည် နိုင်ငံတော်ဘက်မှ ဖြေလျှော့မှုများပြုလုပ်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် ဝင်ရောက်မှု ၃ သန်းခွဲရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ထက် ၃ ဒသမ ၁၅ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ကြောင်း Colliers International (Myanmar) မှသိရသည်။

ပြည့်ဖြိုးမြင့်မွန်