News

POST TYPE

NEWS

သာသနာပိုင် ကာဒီနယ်ဂျော့ခ်ျပဲလ် လိင်ညှဉ်းပမ်းမှု ပြစ်ဒဏ်အတွက် အယူခံရှုံးနိမ့်
21-Aug-2019


မဲလ်ဘုန်း၊ ဩဂုတ် ၂၁

လိင်ညှဉ်းပမ်းမှုကြောင့် ပြစ်ဒဏ်ချမှတ်ခံရသူ ခရစ်ယာန်ဘုန်းတော်ကြီးများအနက်မှ ရာထူးအမြင့်ဆုံးဖြစ်သူ သာသနာပိုင် ကာဒီနယ်ဂျော့ခ်ျပဲလ်သည် ဩစတြေးလျနိုင်ငံတွင် ပြစ်ဒဏ်အတွက် အယူခံဝင်ရာတွင် ရှုံးနိမ့်သွားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဂျော့ခ်ျပဲလ်သည် ၁၉၉၀ ပြည့်နှစ်များအတွင်း မဲလ်ဘုန်းကက်သီဒရယ် ဘုရားကျောင်းတွင် ယောက်ျားလေးနှစ်ဦးကို လိင်ညှဉ်းပမ်းမှု ကျူးလွန်ခဲ့မှုဖြင့် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရသောကြောင့် မတ်လက ထောင်ဒဏ် ၆ နှစ်ချမှတ်ခြင်းခံခဲ့ရသည်။

ဂျော့ခ်ျပဲလ်၏ ပြစ်ဒဏ် အယူခံဝင်မှုကို တရားရုံးက ပယ်ချခဲ့သည်။ ဗာတီကန်ဘဏ္ဍာရေးမှူးဟောင်း ဂျော့ခ်ျပဲလ် ၇၈ နှစ်သည် ယခုအခါ အထက်ခုံရုံးတွင် နောက်ဆုံးအကြိမ် အယူခံဝင်ရန် စဉ်းစားရတော့မည်ဖြစ်သည်။

ဂျော့ခ်ျပဲလ်က ၎င်း၏စွပ်စွဲခံရမှုတွင် လုံလောက်သော သက်သေ အထောက်အထားမရှိသောကြောင့် ၎င်းအပေါ် ပြစ်ဒဏ်ချမှုသည် ကျိုးကြောင်းဆီလျော်မှုမရှိဟု စောဒကတက်ခဲ့သည်။

ဘုန်းတော်ကြီး၏ရှေ့နေများက တရားသူကြီးသည် ခိုင်မာမှုမရှိသော တစ်ခုတည်းသောသက်သေဖြစ်သည့် သက်ရှိထင်ရှားရှိနေဆဲ နစ်နာသူအပေါ်တွင် မှီခိုလွန်းအားကြီးသည်ဟု ခုခံလျှောက်လဲခဲ့သည်။ သို့ရာတွင် ဗစ်တိုးရီးယားပြည်နယ် အယူခံခုံရုံး သုံးဦးထိုင်ကော်မတီက ဗုဒ္ဓဟူးနေ့တွင် နှစ်မဲတစ်မဲဖြင့် ဂျော့ခ်ျပဲလ်၏ အယူခံလွှာကို ပယ်ချလိုက်သည်။

ဂျော့ခ်ျပဲလ်၏ပြစ်ဒဏ်သည် တစ်ချိန်က ပုတ်ရဟန်းမင်းကြီး၏ အနီးကပ်ဆုံး အကြံပေးအဖြစ် ၎င်းအမှုထမ်းခဲ့သော ကက်သလစ်ကျောင်းတော်ကို လှုပ်ခါသွားစေခဲ့သည်။ 

ဂျော့ခ်ျပဲလ်သည် ကောင်းမွန်စွာ ပြုမူနေထိုင်ပါက ၂၀၂၂ အောက်တိုဘာလတွင် လွတ်မြောက်ခွင့်ကို အကျုံးဝင်ခံစားရမည်ဖြစ်သည်။

ဂျော့ခ်ျပဲလ်သည် ၁၉၉၆ ခုနှစ်က မဲလ်ဘုန်းကက်သီဒရယ်ကျောင်းတွင် ဘုန်းတော်ကြီးဖြစ်နေစဉ် ဘုရားကျောင်းဝင်းအတွင်း တွေ့ရှိခဲ့သော ယောက်ျားလေးနှစ်ဦးကို လိင်စော်ကားမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၇ တွင် ထိုနှစ်ဦးထဲမှ တစ်ဦးကို ထပ်မံပြုကျင့်ခဲ့သည်။

နစ်နာသူနှစ်ဦးအနက် တစ်ဦးမှာ ၂၀၁၄ ခုနှစ်က မူးယစ်ဆေး အလွန်အကျွံ သုံးစွဲကာ သေဆုံးသွားသောကြောင့် တစ်ဦးတည်းသာ ကျန်ရှိသော နစ်နာသူ၏ထွက်ဆိုချက်ကို တရားသူကြီးများက ကြားနာစစ်ဆေးခဲ့ကြသည်။

တရားသူကြီးက ဂျော့ခ်ျပဲလ်သည် ကလေးငယ်အပေါ် မလျော်ကန်သော လိင်ကျူးလွန်မှု လေးကြိမ်ပြုလုပ်ခဲ့သည် ဟူသောစွဲချက်ဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဂျော့ခ်ျပဲလ်အား ပြစ်ဒဏ်စီရင်မှုကို ဖေဖော်ဝါရီလအထိ လူသိရှင်ကြားမထုတ်ပြန်ဘဲ လျှို့ဝှက်ထားခဲ့ကြသည်။

ဂျော့ခ်ျပဲလ်၏ အယူခံကိုပယ်ချကာ အောက်ရုံး၏ပြစ်ဒဏ်စီရင်ချက်ကို လက်ခံအတည်ပြုခဲ့ကြသော အယူခံရုံး တရားသူကြီးနှစ်ဦးက ပြစ်ဒဏ်စီရင်ချက်တွင် သံသယဝင်စရာ မြူတစ်မှုန်ပင် မတွေ့ရကြောင်း၊ ဘုန်းတော်ကြီးပဲလ်သည် အပြစ်ကင်းသည့် သက်သေတစ်ခုမှ မပြနိုင်ခဲ့ကြောင်းနှင့် အမှုစစ်ဆေးမှုတစ်လျှောက်လုံးတွင် သက်သေအထောက်အထားနှင့် အမှန်တရားသည် တရားလိုဘက်တွင် အလေးသာနေခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။

F-04