News

POST TYPE

NEWS

မွန်တွင် ရေကြီးမှုကြောင့် လယ်ယာမြေဧက ရှစ်သောင်းကျော် ရေမြုပ်၊ ဧကတစ်ထောင်ကျော် ပျက်စီး
21-Aug-2019

မော်လမြိုင်၊ ဩဂုတ် ၂၁

မွန်ပြည်နယ်တွင် ရေကြီးမှုကြောင့် စိုက်ပျိုးထားသည့် လယ်ယာမြေများ ရေနစ်မြုပ်ခဲ့ရာ မြို့နယ် ၁၀ မြို့နယ်မှ ရေကြီးနစ်မြုပ်ခဲ့သည့် စိုက်ပျိုးပြီးလယ်ဧကပေါင်း ၈၇,၀၀၀ ဧကကျော်ရှိကြောင်း မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနထံသို့ တင်ပြလာသည့် စာရင်းများအရ သိရသည်။

“ပျက်စီးလယ်ယာမြေတွေကျတော့ လုံးဝပြုပြင်လို့မရတဲ့ဟာတွေ အသစ်ပြန်စိုက်ရမယ်။ ထိခိုက်ကြတော့ မြေဩဇာတွေ ပြန်လိုက်ရင်တော့ ပြန်ပြီးကောင်းလာမယ့် လယ်တွေ၊ ဒီအတွက်ကို ပြည်ထောင်စုက ထောက်ပံ့ဖို့အတွက် အဆင်သင့်ပဲ၊ ကျွန်တော်တို့ စာရင်းပြုစုပြီး ပြည်ထောင်စုကို အမြန်တင်ပြနိုင်ဖို့ ဆောင်ရွက်နေတယ်”ဟု စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးထွန်းဌေးက ပြောဆိုသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်တွင် ရေကြီးမှုကြောင့် ရေနစ်မြုပ်ခဲ့သည့် စိုက်ပျိုးပြီး လယ်မြေဧက ၈၇,၀၂၈ ဧရှိပြီး ယင်းအနက်ကမှ ထိခိုက်ခဲ့သည့် လယ်မြေများမှာ ၈,၀၂၉ ဧကရှိကာ လုံးဝ ပျက်စီးသွားသည့် လယ်မြေ ၁,၀၆၆ ဧကရှိကြောင်း ဩဂုတ်လ ၁၈ ရက်နေ့အထိ ပြည်နယ်မှ တင်ပြထားသည့် စာရင်းများအရ သိရသည်။

“ဒီစာရင်းက ၁၈ ရက်နေ့အထိ စာရင်းပါ။ ကျိုက်မရောဘက်မှာ ရေပြန်ကျလို့ ပြန်ပေါ်တဲ့ဧကတွေ ထပ်ရှိဦးမယ်။ အဲဒီအတွက်လည်း စာရင်းက ထပ်တက်လာနိုင်သေးတယ်ဆိုတော့ ပျက်စီးမှုစာရင်းနဲ့ ထိခိုက်မှုစာရင်းက ထပ်တိုးနိုင်တယ်။ နစ်မြုပ်စာရင်းကတော့ ဒီအတိုင်းပါပဲ”ဟု ဦးထွန်းဌေးက ဆက်လက် ပြောဆိုသည်။

ရေနစ်မြုပ်ခဲ့သည့် ဧက ၈၇,၀၂၉ ဧကအနက် ပြန်ပေါ်လာသည့် ဧကမှာ ၆၄,၃၀၆ ဧကရှိပြီး နစ်မြုပ်သွားသည့် လယ်ယာမြေများအနက် စပါးစိုက်ပျိုးပြီးသည့် လယ်မြေမှာ ၅၇,၄၂၁ ဧက ရှိကြောင်း၊ ပျက်စီးသွားသည့် စပါးများအတွက် မျိုးစပါးများကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ရက်တိုစပါးဖြစ်သည့် ထိုင်းနှံကောက်မျိုးစပါးများကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး စိုက်ပျိုး၍မမီတော့သည့် လယ်မြေများအတွက် အခြားအစားထိုးသီးနှံများ စိုက်ပျိုးနိုင်ရန် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“လက်ရှိမှာ တစ်ကွင်းပေါ်ရင် တစ်ကွင်း စာရင်းကောက်တယ်၊ ကျိုက်မရောဘက်မှာကြတော့ ရေမြုပ်တာတွေ များပေမယ့် စပါးစိုက်ပျိုးတာနည်းတယ်။ သူတို့က အမြဲတမ်း ရေမြုပ်နေတော့ စပါးမစိုက်ဘဲ အခြားသီးနှံစိုက်တာတွေ ရှိတယ်။ ဒါကြောင့် ကျိုက်မရောဘက်က တချို့ ရေပြန်ပေါ်တာတောင် စပါးပျက်စီးစာရင်း တက်မလာတာရှိတယ်”ဟု ၎င်းက ရှင်းပြသည်။

မွန်ပြည်နယ်တွင် ဩဂုတ်လ ၉ ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ်၊ ဘီလင်းမြစ်ရေ၊ သံလွင်မြစ်ရေနှင့် အတ္ထရံမြစ်ရေ မြင့်တက်မှုကြောင့် စိုက်ပျိုးထားသည့် မိုးစပါးများ လယ်ယာမြေများ ပျက်စီးခဲ့ရသည်။

ထို့ပြင် ကျိုက်မရောမြို့နယ်တွင် လေပြင်းတိုက်၍ ရော်ဘာပင် ၈ ထောင်ကျော် မြေဧက ၃၄ ဒသမ ၄၃ ဧက ပျက်စီးသွားခဲ့ရကြောင်း စာရင်းများအရ သိရသည်။

ရေနစ်မြုပ်ခဲ့သည့် လယ်မြေများမှာ ကျိုက်ထိုမြို့နယ်တွင် ၂၀ ဧက၊ ဘီးလင်းမြို့နယ်တွင် ၇,၈၈၃ ဧက၊ သထုံမြို့နယ်တွင် ၂,၄၀၈ ဧက၊ ပေါင်မြို့နယ်တွင် ၁၅,၃၃၈ ဧက၊ မော်လမြိုင်မြို့နယ်တွင် ၅,၄၈၆ ဧက၊ ချောင်းဆုံမြို့နယ်တွင် ၅,၂၈၀ ဧက၊ ကျိုက်မရောမြို့နယ်တွင် ၂၀,၅၆၆ ဧက၊ မုဒုံမြို့နယ်တွင် ၁၁,၁၁၄ ဧက၊ သံဖြူဇရပ်မြို့နယ်တွင် ၁၇,၂၁၈ ဧက၊ ရေးမြို့နယ်တွင် ၁,၉၁၅ ဧကတို့ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

R-21