News

POST TYPE

NEWS

လာမည့်ကြံရာသီတွင် ကြံမျိုးကောင်းမျိုးသန့်နှင့် အထွက်တိုးနည်းပညာများ ဖြန့်ဖြူးပေးမည်
21-Aug-2019

ရန်ကုန်၊ ဩဂုတ် ၂၀

စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲအနေနှင့် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ကြံရာသီတွင် ကြံသီးနှံမျိုးကောင်းမျိုးသန့်များနှင့် ခေတ်မီအထွက်တိုးနည်းပညာ ဖြန့်ဖြူးရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သကြားထွက်သီးနှံဌာနခွဲထံမှ သိရသည်။

တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကြံသီးနှံစိုက်ဧကနှင့် အထွက်နှုန်း တိုးတက်ရေးအတွက် နည်းပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကြံအထွက်နှင့် သကြားအထွက်နှုန်းမြင့်မား၍ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိသည့် ကြံမျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးနိုင်ရန်၊ ခေတ်မီစိုက်ပျိုးနည်းပညာများကို တောင်သူများအသုံးပြုလာစေရန်နှင့် ကြံစိုက်ဧကနှင့် အထွက်နှုန်းတိုးတက်စေရန်တို့အတွက် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း ယင်းဌာနခွဲထံမှ သိရသည်။

ထို့ပြင် သုတေသနနှင့် မျိုးသန့်ခြံများက ထုတ်လုပ်သည့် ကြံမျိုးကောင်း မျိုးသန့်များကို တစ်ဧကနှင့်အထက် စိုက်ပျိုးရန် ကြံမျိုးဝယ်ယူအသုံးပြုပါက Ethrel နှင့် မြေဩဇာ အခမဲ့ထည့်သွင်းပေးခြင်းအပြင် နည်းပညာအကူအညီများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သကြားထွက်သီးနှံဌာနခွဲထံမှ သိရသည်။

ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေမှုရှိသည့် စိုက်နည်းစနစ်ကို လက်တွေ့ပြသစိုက်ပျိုးပေးခြင်းနှင့် Ethrel အခမဲ့ထည့်သွင်းပေးခြင်းသည် ကြံသီးနှံစိုက်ပျိုးထွက်ရှိမှုအပေါ် အကျိုးရှိစေမည်ဖြစ်ပြီး ကြံသီးနှံတွင် အပင်ပေါက် ရာခိုင်နှုန်းကောင်းစေခြင်း၊ ရင့်မှည့်မှုစောခြင်း၊ ပန်းပွင့်မှုလျော့နည်းစေခြင်း၊ ကြိတ်ဝါးရာသီ နောက်ပိုင်းတွင် ကြံအရည်အသွေးမကျစေခြင်းတို့ကို ရရှိစေမည်ဖြစ်ကြောင်း သကြားထွက်သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ရည်မွန်က ပြောကြားသည်။

ကြံသုတေသနခြံများဖြစ်သည့် ပျဉ်းမနားမြို့နယ် (ပျဉ်းမနားခြံ)၊ ဖြူး မြို့နယ် (ညောင်ပင်သာခြံ)၊ တောင်တွင်း ကြီးမြို့နယ် (ကင်ပွန်းတောင်ခြံ)၊ ကြံမျိုးသန့်ခြံများဖြစ်သည့် တောင်ကြီးမြို့နယ် (ကျောက်နီခြံ)၊ ဘီးလင်းမြို့နယ် (အနိုင်းပွန်ခြံ)၊ လယ်ဝေးမြို့နယ် (ကမ်းပါးနီနှင့် သဲဖြူချောင်းခြံ)၊ ရေတာရှည်မြို့နယ် (ဘိုးတော်ကုန်းနှင့် ရေတာရှည်ခြံ)၊ ဖြူး မြို့နယ် (စိမ့်ကြီးခြံ)၊ ကျောက်တော်မြို့နယ် (ကျောက်တော်ခြံ)၊ တိုက်ကြီးမြို့နယ် (ဥက္ကံခြံ) များ အနီးဝန်းကျင်ရှိ တောင်သူ များအနေနှင့် ၁၀ ဧကနှင့်အထက် စိုက်ပျိုးရန် ကြံမျိုးဝယ်ယူအသုံးပြုပါက ကြံစိုက်စက်ဖြင့် ဌာနမှ အခမဲ့စိုက်ပျိုးပေးမည်ဖြစ်ပြီး မြေဩဇာအပါအဝင် နည်းပညာများလည်း ကူညီပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“သူတို့က ဘတ်ဂျက်တစ်ခုယူပြီး ကြံစိုက်စက်တွေဝယ်ထားတာ။ ဒေသအလိုက် မျိုးခြံတွေလိုက်စိုက်ပြီး အဲဒီဒေသတွေမှာ အထွက်ကောင်းတဲ့မျိုးတွေ ဖြန့်ပေးမှာ။ တောင်သူတွေရဲ့မျိုးတွေက ဟောင်းနေတာ၊ အထွက်နှုန်းကျနေတာတွေကို ပြုပြင်ပြောင်းလဲပေးဖို့ပေါ့”ဟု မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားသည်။

သကြားထွက်သီးနှံဌာနခွဲ (ရုံးချုပ်) ဖုန်း ဝ၆၇- ၄၃၁၁၂၃၊ ဝ၆၇- ၄၃၁၂၅၁ ထံ စုံစမ်းနိုင်ပြီး သက်ဆိုင်ရာ ကြံသီးနှံသုတေသနနှင့် မျိုးသန့်ခြံများ၊ တိုင်းဒေသကြီး၊ ပြည်နယ်စိုက်ပျိုးရေးရုံးများတွင်လည်း မေးမြန်းစုံစမ်းနိုင်ကြောင်း သကြားထွက် သီးနှံဌာနခွဲထံမှ သိရသည်။

J-11