News

POST TYPE

NEWS

ကားကြုံလိုက်သည့် ကျောင်းသူနှစ်ဦးကို မဖွယ်မရာပြုလုပ်ပြသည့်ယာဉ်မောင်းကို ဖမ်းဆီး
20-Aug-2019
တောင်ငူ၊ သြဂုတ်၂၀

အုတ်တွင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာမှကျောင်းသူနှစ်ဦးနှင့် ကျောင်းသားတစ်ဦး ကားကြုံလိုက်လာစဉ် ပုဆိုးလှန်ပြပြီး မဖွယ်မရာအားထုတ်သည့် ယာဉ်မောင်းကိုဖမ်းဆီးထားကြောင်း အုတ်တွင်းမြို့မရဲစခန်းထံမှ သိရှိရသည်။

အုတ်တွင်းအထက်တန်းကျောင်းသို့ကျောင်းတက်ရန် သြဂုတ်လ ၇ ရက်၊ နံနက် ၇ နာရီခန့်က ကားကြုံလိုက်လာသည့် ကျောင်းသူနှစ်ဦးနှင့် ကျောင်းသားတစ်ဦးကို ပုဆိုးလှန်ပြပြီးယောကျ်ားတန်ဆာကို ပြသခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

“ပုဒ်မနှစ်ခုနဲ့အမှုဖွင့်ထားပါတယ်။ ကလေးမလေးတွေ ဆင်းမှာကို တံခါးပိတ်ပြီး တားဆီးခဲ့တာအပြင် မဖွယ်မရာပြုကျင့်မှုနဲ့ပါ အရေးယူထားတယ်။ ကလေးမိဘတွ လာတိုင်အပြီး မကြာခင်မှာ အုတ်တွင်းမြို့ထွက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်”ဟု အုတ်တွင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဘန့်ဘွေးကုန်းရွာနေ ကိုးတန်းကျောင်းသူနှစ်ဦးနှင့် ခုနစ်တန်းကျောင်းသားတို့ အုတ်တွင်းအထက်တန်းကျောင်းသို့ သွားစဉ် ကိုဝင်းမော် (၂၄ နှစ်) ဆိုသူမောင်းသည့် ၂၂ ဘီးတွဲကုန်တင်ယာဉ်နှင့်လိုက်ပါလာစဉ် ရန်ကုန်-မန္တလေး ကားလမ်းမဟောင်း ကျောက်တလင်းအနီးတွင် ယာဉ်ကိုရပ်ကာ မဖွယ်မရာလှန်ပြခဲ့ခြင်းဖြစ်သည်။

အမှုနှင့်ပတ်သက်ပြီး ဝင်းမော်ကို အုတ်တွင်းမြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၄၁၊ ၅၀၉ အရ အမှုဖွင့်ဖမ်းဆီးစစ်ဆေးဆောင်ရွက်ထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

R-15


  • VIA