News

POST TYPE

NEWS

မြန်မာနိုင်ငံသားများ နိုင်ငံခြားတွင် အိမ်ဝယ်ယူသင့်ကြောင်း ဆွေးနွေးပွဲကျင်းပ
20-Aug-2019
ရန်ကုန်၊ ဩဂုတ် ၁၉

မြန်မာနိုင်ငံသားများ အိမ်ပိုင်ဆိုင်မှုနှုန်း မြင့်တက်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် “နိုင်ငံခြားတွင် နေအိမ်များ ဘာကြောင့် ဝယ်ယူသင့်သလဲ” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ ဆီဒိုးနားဟိုတယ်၌ ဩဂုတ် ၁၈ ရက်နေ့က ဆွေးနွေးပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံသားများ အိမ်ပိုင်ဆိုင်နှုန်း မြင့်တက်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်သည့် ပြည်ပနိုင်ငံပေါင်းလေးနိုင်ငံမှ ခင်းကျင်းပြသသော ကွန်ဒိုအရောင်းပြပွဲ၌ ဆွေးနွေးခဲ့ကြခြင်းလည်းဖြစ်ပြီး ဆွေးနွေးပွဲတွင် စိုင်းခွန်နောင် ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်၊ Smart Group CEO ဦးကျော်ကျော်လှိုင်၊ DWG Company (Singapore) မှ မဆုမွန်နိုင်၊ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (ငြိမ်း) ဦးသန်းလွင်တို့က ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။ 

“အဲ့ဒီနိုင်ငံတွေမှာနိုင်ငံခြားသား ဝယ်ယူခွင့်ကို တရားဝင်ပိုင်ဆိုင်ခွင့် ပေးထားတာမို့ စိတ်ပူစရာမလိုပါဘူး၊ ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်းတွေကို သွားရောက်လေ့လာမယ်ဆိုရင်လည်း ဗီဇာက Free ဖြစ်ပြီး ၄၅ မိနစ်ပဲ လေယာဉ်စီးရတဲ့ ခရီးဖြစ်တာမို့ သွားရောက်လေ့လာလို့ ရပါတယ်၊ မြန်မာနိုင်ငံက Developer တွေ ပါမပေးနိုင်တဲ့ဝန်ဆောင်မှုတွေကို ပေးကြပါလိမ့်မယ်”ဟု ပြပွဲစီစဉ်သည့် ဦးစိုင်းခွန်နောင်က ပြောသည်။ 

အဆိုပါအရောင်းပြပွဲကို မြန်မာနိုင်ငံရှိ စိုင်းခွန်နောင်ကုမ္ပဏီလီမိတက်နှင့် စင်ကာပူနိုင်ငံရှိ DWG Company (Singapore) တို့က ပူးပေါင်းကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး ယင်းကုမ္ပဏီမှ ဆောက်လုပ်ထားသည့် ထိုင်း၊ မလေးရှား၊ အင်္ဂလန်နှင့် ဂျပန်နိုင်ငံတို့ရှိ မြို့ပေါ်ကွန်ဒိုတိုက်ခန်းများအပါအဝင် အခြားဒေသများရှိကွန်ဒို တိုက်ခန်းများကို ခင်းကျင်းပြသခဲ့ကြောင်း အဆိုပါပွဲမှ သိရသည်။

ပြည့်ဖြိုးမြင့်မွန်


  • VIA