News

POST TYPE

NEWS

ရန်ကုန် ရေပေးဝေရေးလုပ်ငန်းပုဂ္ဂလိကသို့ လွှဲပြောင်းမည်
20-Aug-2019
ရန်ကုန်၊ ဩဂုတ် ၁၉

ရန်ကုန်တိုင်းအတွင်းရှိ ရေပေးဝေရေး လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းနိုင်ရန် ယခုလအတွင်း ခေါ်ယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဩဂုတ် ၁၉ ရက်တွင် မြို့တော်ခန်းမ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးအနေနှင့် ရေပေးဝေရေးလုပ်ငန်းဖြစ်သည့် ရေသန့်စင်ခြင်းလုပ်ငန်းနှင့် ရေဖြန့်ဖြူးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး ရေသန့်စင်ခြင်းလုပ်ငန်းကို ကိုင်တွယ်ဆောင်ရွက်နိုင်သော်လည်း ရန်ကုန် မြို့တော်စည်ပင်မှ လုပ်ကိုင်နေသော ရေဖြန့်ဖြူးခြင်းလုပ်ငန်းတွင် ရေခိုးသွယ်မှုနှင့် ရေအလေအလွင့် ဆုံးရှုံးမှုများရှိနေသောကြောင့် ရေအလေအလွင့်နည်းပါးစေရန် ပုဂ္ဂလိကသို့ လွှဲပြောင်းရန် စီစဉ်ခြင်းဖြစ်ကြောင်း မြို့တော်ဝန်က ဆိုသည်။ 

ဈေးနှုန်းကိုပဲ ကန့်သတ်ပြီးတော့ ပုဂ္ဂလိကပဲလုပ် နိုင်မလားဆိုပြီးတော့ ပေးလိုက်လို့ရှိရင် ရေအလေအလွင့် နည်းလာလို့ရှိရင် လူထုလည်း မှန်မှန်ကန်ကန် သုံးစွဲလာနိုင်မယ်”ဟု ၎င်းက ပြောသည်။ 

လက်ရှိ ရပ်ကွက်များတွင် ရေခိုးသွယ်မှုများရှိနေပြီး စည်ပင်ဝန်ထမ်းအင်အားဖြင့် မထိန်းသိမ်းနိုင်ဘဲ ရေအလေအလွင့်မှာ ၅၀ ရာခိုင်နှုန်းအထိ ရှိနေခြင်းကြောင့် ယခုကဲ့သို့ ပုဂ္ဂလိကသို့ပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း မြို့တော်ဝန်က ဆက်လက်ပြောသည်။ 

အဆိုပါရေဖြန့်ဖြူးမှုလုပ်ငန်းအား ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်းကို မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက် စမ်းသပ်ပြီး ဆောင်ရွက်မည်ဖြစ်ကာ ရေအလေအလွင့်လည်း နည်းပါးသွားနိုင်ကြောင်း ၎င်းက ဆိုသည်။ 

လက်ရှိ ရေမီတာကောက်ခံမှုမှာ အိမ်သုံးအတွက် တစ်ယူနစ် ၈၈ ကျပ်ဖြင့် ကောက်ခံပြီး စီးပွားသုံးအနေနှင့် တစ်ယူနစ်လျှင် ၁၂၀ ကျပ်ဖြင့် ကောက်ခံလျက်ရှိကာ တစ်ယူနစ်လျှင် ဂါလန် ၂၂၀ ရှိကြောင်း ရန်ကုန်စည်ပင်ထံမှ သိရသည်။

ရန်ကုန်မြို့အတွင်း ရေပေးဝေမှုတွင် ရေတစ်ယူနစ် ၈၈ ကျပ်နှုန်းသာ ကောက်ခံနေသဖြင့် အရှုံးပေါ်နေကြောင်းနှင့် လက်ရှိကောက်ခံနေသည့် ရေမီတာ တစ်ယူနစ်ဈေးနှုန်း ၈၈ ကျပ်မှာ ထောက်ပံ့ စရိတ်သာဖြစ်ပြီး ရေပေးဝေမှုတွင် တွက်ချက်ရသည့် ပုံသေစရိတ်နှင့် လည်ပတ်စရိတ် နှုန်းထားများကို မကာမိကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ဩဂုတ် ၅ ရက်တွင် မြို့တော်ခန်းမ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

J-10



  • VIA