News

POST TYPE

NEWS

ဘတ်စ်ကားမှတ်တိုင်များတွင် ငါးပေပတ်လည်ဆိုင်ခန်းများ တည်ဆောက်ကာငှားရမ်းမည်
19-Aug-2019


ရန်ကုန်၊ သြဂုတ် ၁၈

လူစည်ကားသည့် ဘတ်စ်ကားမှတ်တိုင်များတွင် ငါးပေပတ်လည် ဈေးဆိုင်ခန်းများ တည်ဆောက်ငှားရမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဩဂုတ် ၁၉ ရက်တွင် မြို့တော် ခန်းမ၌ ပြုလုပ်သည့် မြို့တော်စည်ပင် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ယခုလက်ရှိ ဘတ်စ်ကားမှတ်တိုင်တွင်တည် ဆောက်မည့် ဆိုင်ခန်းကို ရန်ကုန်တိုင်း လွှတ်တော်မျက်နှာချင်းဆိုင် မြေနီကုန်းမှတ်တိုင်အနီး ငါးပေပတ်လည် ဆိုင်ခန်းများကို နမူနာချပြထားပြီး ယင်းဆိုင်ခန်းတွင် ဆေးလိပ်၊ ကွမ်းယာများ ရောင်းချခွင့်ရှိမည်မဟုတ်ဘဲ ငွေဖြည့်ကဒ်များ၊ အစာပြေစားနိုင်ရန် မုန့်များ ရောင်းချနိုင်ကြောင်း သိရသည်။

''ရန်ကုန်ရဲ့မှတ်တိုင်တွေမှာ ဆိုင်ခန်းသေးသေးလေးတွေကို စနစ်တကျပုံစံမျိုးနဲ့ ထားပြီးတော့ ကြက်ခြေနီတွေ၊ ကင်းထောက်ကိုလဲပေးမယ်။ ပရဟိတအဖွဲ့တွေကိုလဲ ပေးမယ်။ ပေးမယ်ဆိုပြီး လျာထားတာပေါ့၊ ကွမ်းယာဆိုင်တော့မဟုတ်ဘူးပေါ့ဗျာ၊ ဘာတွေ ရောင်းရောင်းပေါ့လေ၊ ကွမ်းယာနဲ့ဆေးလိပ်ကိုတော့ပေးမရောင်းဘူး။ အားသွင်းဖို့အတွက် ဘောက်လေးတွေလဲထည့်ပေးထားမယ်။ အဲဒီနေရာမှာ Wifi ဟာမျိုး လည်းလွှင့်ပေးမယ်။ လုပ်ချင်တဲ့သူတွေများတယ်''ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆိုသည်။

အဆိုပါဆိုင်များအား ဘတ်စ်ကားမှတ်တိုင်ဘေး စည်ပင်သာယာ လူသွားလမ်းပေါ်တွင် ထားရှိမည်ဖြစ်ပြီး ဆိုင်အကျယ်အဝန်း ငါးပေးပတ်လည်ထား၍ရသည့်နေရာများတွင်သာ ထားရှိမည်ဖြစ်ပြီး လူအတက်အဆင်းများသည့်နေရာမျိုးတွင်သာ ထားရှိမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဒေါ်မေမေသွယ်က ပြောကြားသည်။

''အဲဒီဆိုင်တွေက စိတ်ဝင်စားတဲ့သူပေါ့၊ ကြက်ခြေနီ၊ ကင်းထောက်၊ ပရဟိအဖွဲ့တွေတင်မကပါဘူး။ စိတ်ဝင်စားတဲ့သူတွေ ဖွင့်မယ်ဆို ငှားပါ့မယ်။ အဲ့ဆိုင်လေးတစ်ဆိုင်က သိန်း ၂၀ လောက်တော့ ကြပါတယ်။ ငှားမယ်ဆို လျှောက်လို့ရပါတယ်။ အရေအတွက် ကန့်သတ်ချက်တော့မရှိပါဘူး။ နောက်သုံးလနေရင် YBS စီးရင် ပိုက်ဆံထည့်တာအစား ကဒ်ပြားကိုလွယ်လွယ်ကူကူ ဝယ်လို့ရအောင်ဆိုတဲ့ရည်ရွယ်ချက်လဲ ပါပါတယ်။ လိုင်းများများလဲရှိမယ်။ လူအတက်အဆင်းများများရှိမယ့် နေရာမျိုးမှာ လုပ်ဖို့ရှိပါတယ်။ ၂၄ နာရီဖွင့်ဖို့အထိတော့ မစဉ်းစားထားပါဘူး။ ငှားတဲ့သူဖွင့်နိုင်သလောက်ပဲ ဖွင့်ဖို့ စဉ်းစားထားတယ်''ဟု ဒေါ်မေမေသွယ်ကဆိုသည်။

ဘတ်စ်ကားမှတ်တိုင်အနီးတွင် ဈေးဆိုင်ခန်းဖွင့်လှစ်ရန် မြေငှားရန်းခနှင့်ပတ်သက်ပြီး တိတိကျကျမသတ်မှတ်ရသေးကြောင်းနှင့် ယခုလက်ရှိ ရန်ကုန်မြို့တွင် ဘတ်စ်ကားမှတ်တိုင်ပေါင်း ၈၀ဝ ကျော်ရှိကြောင်းလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

J-10