News

POST TYPE

NEWS

အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ပြီး လည်ပင်းညှစ်သတ်ခဲ့သည့် အမျိုးသားကို ဖမ်းမိ
19-Aug-2019



ရန်ကုန်၊ သြဂုတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ဖခင်ထံ ထမင်းချိုင့်ပို့ပြီး နေအိမ်ပြန်လာသည့် အသက် ၂၅ နှစ် အရွယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်၍ အဝတ်စဖြင့် လည်ပင်းရစ်ပတ်ပြီး ညှစ်သတ်ခဲ့သည့် အမျိုးသားအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အသတ်ခံရသည့် အမျိုးသမီးမှာ ကျောက်တံခါးမြို့နယ်၊ သံပုရာခုံကျေးရွာအုပ်စုရှိ ---- ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး သြဂုတ် ၄ ရက် မွန်းလွဲပိုင်းက တစ်မိုင်ခန့်ကွာဝေးသည့် ဖခင်နေအိမ်ထံ သွားရောက်ပြီး ထမင်းချိုင့်ပို့၍ ၎င်းနေအိမ်အပြန်တွင် လမ်းတွင်ပျောက်ဆုံးခဲ့သည်။

ပျောက်ဆုံးနေသည့် အမျိုးသမီး၏ ရုပ်အလောင်းကို သြဂုတ် ၅ ရက် နံနက်ပိုင်း၌ ယင်းကျေးရွာမှ အမြန်လမ်းမကြီးဘက်သို့ သွားသည့် လမ်း၏ မြောက်ဘက်ခြမ်း နှစ်ဖာလုံခန့် အကွာ ခြုံပုတ်ထဲတွင် ပြန်လည် တွေ့ရှိခဲ့ပြီး စစ်ဆေးရာ နှာခေါင်း သွေးထွက်၊ လည်ပင်းညိုမဲ ဒဏ်ရာဖြင့် အပေါ်ပိုင်း အဝတ်ဗလာ မှောက်ခုံ အနေအထား သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ အမှုကို ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂(လူသတ်မှု) ဖြင့် အမှုဖွင့်၍ စုံစမ်း စစ်ဆေးခဲ့ရာ သြဂုတ် ၁၅ ရက်နေ့တွင် အမှုနှင့်ပတ်သက်၍ မသင်္ကာဖွယ်ရှိသော သူဌေးကြီးကျေးရွာတွင် နေထိုင်သူ ခိုင်လင်းအောင်(၂၂)နှစ် အပါအဝင် လေးဦးကို ဖမ်းဆီးစစ်ဆေးခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ခိုင်လင်းအောင်မှ အခင်းဖြစ်နေ့က ၎င်း၏ တူမဖြစ်သူမှာ နေမကောင်းသဖြင့် ရွာဓလေ့ ထုံးစံအရ ကျွဲကျောင်းသား နှစ်ဦးနှင့်အတူ အရက်ပုလင်း နှစ်လုံး၊ ချက်ထားသည့် ကြက်တစ်ကောင်တို့ကို တောထုတ်ကာ စားသောက်ခဲ့ကြပြီးနောက် အိုးခွက်များအား အစ်ကိုဖြစ်သူ၏ နေအိမ်ထံ ပြန်ပို့၍ အဖော်များနှင့် လမ်းခွဲကာ ၎င်းတစ်ဦးတည်း ပြန်လာစဉ် သေဆုံးသူအမျိုးသမီးနှင့် လမ်းတွင် တွေ့ဆုံခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ယင်းနောက် ၎င်းက အမျိုးသမီးကို တောထဲသို့ ဆွဲခေါ်၍ အဓမ္မပြုကျင့်ခဲ့စဉ် အမျိုးသမီးက သစ်ကိုင်းခြောက်ဖြင့် ၎င်း၏ ဦးခေါင်းကို ရိုက်သောကြောင့် အမျိုးသမီး ဝတ်ဆင်ထားသည့် အကျီင်္ကို ချွတ်ယူပြီး လည်ပင်းကို ပတ်၍ ညှစ်သတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လူသတ်မှု၊ မုဒိမ်းမှုများ ကျူးလွန်ခဲ့သည့် ခိုင်လင်းအောင်ကို အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03