News

POST TYPE

NEWS

မွေးကင်းစ ကလေးကို ကျပ်ဆယ်သိန်းဖြင့် ရောင်းစားသည့် မိခင်အား အမှုဖွင့်
19-Aug-2019
ရန်ကုန်၊ သြဂုတ် ၁၉

အင်းစိန်ဆေးရုံတွင် မွေးဖွားခဲ့သည့် ၂ ရက်သားအရွယ် သမီးငယ်ကို ငွေကျပ်ဆယ်သိန်းဖြင့် ရောင်းစားခဲ့သည့် မိခင်အား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မွေးကင်းစ ကလေးကို ရောင်းစားခဲ့သည့် မိခင်ဖြစ်သူ မလမင်း (၂၂) နှစ်မှာ အင်းစိန်မြို့နယ်၊ ဈေးကုန်းအရှေ့ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး သြဂုတ် ၇ ရက်နေ့က အင်းစိန်ဆေးရုံတွင် ကလေးမွေးဖွားခဲ့ပြီးနောက် သြဂုတ် ၉ ရက်နေ့တွင် ဒေါ်ရွှေရွှေသင်း (စုံစမ်းဆဲ) ထံ ကလေးအား ကျပ်ဆယ်သိန်းဖြင့် ရောင်းစားခဲ့သည်။

“ကလေးဝယ်သွားတဲ့ အမျိုးသမီးက တရုတ်ပြည်ဘက် ရောက်သွားပြီ။ ဘာရည်ရွယ်ချက်နဲ့ ကလေးကို ဝယ်သွားတာလဲ။ အရွယ်ရောက်တဲ့အထိ ကလေးကို မွေးမှာလား ဒါမှမဟုတ် အသုံးပြုလို့ရတဲ့အရွယ်မှာပဲ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ရောင်းစားမှာလား ဆိုတာတော့ ဖမ်းမိတဲ့အချိန် စစ်ဆေးကြည့်မှ သိနိုင်မယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးခင်မောင်ကြွယ်က ပြောသည်။

ကလေးအား ကျပ်ဆယ်သိန်းဖြင့် ရောင်းစားခဲ့သည့် မိခင်ဖြစ်သူနှင့် ဖခင်တို့မှာ သံလမ်းလုပ်သားများဖြစ်ကြပြီး စီးပွားရေး အဆင်မပြေမှု၊ ဆင်းရဲနွမ်းပါးမှုနှင့် ဗဟုသုတနည်းပါးမှုတို့ကြောင့် မိမိကလေးကို ငွေကြေးဖြင့် ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

“ကလေးရဲ့မအေဖြစ်သူ မလမင်း ကိုယ်ဝန်ခြောက်လကတည်းက ဒေါ်ရွှေရွှေသင်းက မိန်းကလေးမွေးခဲ့ရင် သူ့ကိုပေးလို့ ပြောထားတယ်။ ဒေါ်ရွှေရွှေသင်းက တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကို သွားလိုက်ပြန်လိုက် လုပ်နေသူ။ ကလေးမိခင်က ဒေါ်ရွှေရွှေသင်းဆီမှာ ငွေနှစ်သိန်း ချေးယူသုံးဖူးတယ်။ ဆေးရုံမှာ မိန်းကလေးလဲ မွေးလာရော ဒေါ်ရွှေရွှေသင်းက နောက်ထပ် ငွေနှစ်သိန်း ထပ်ထုတ်ပေးခဲ့တယ်။ ကျန်တဲ့ ငွေခြောက်သိန်းကို တရုတ်နိုင်ငံကနေ လွှဲပေးလိုက်မယ်လို့ ပြောသွားတယ်”ဟု ရဲမှူး ခင်မောင်ကြွယ်က ရှင်းပြသည်။

ကလေးမွေးဖွားပြီးနောက် မလမင်းမှာ သြဂုတ် ၁၂ ရက်နေ့တွင် ဆေးရုံမှ မွေးစာရင်းထုတ်ယူ၍ ဒေါ်ရွှေရွှေသင်းထံ ကလေးကို ပေးအပ်ခဲ့ကြောင်းနှင့် ဒေါ်ရွှေရွှေသင်းပေးသည့် ငွေကျပ်နှစ်သိန်းမှ တစ်သိန်းမှာ သုံးစွဲခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ငွေတစ်သိန်းကို သံလမ်းလုပ်သားခေါင်းဖြစ်သူထံ အကြွေးဆပ်လိုက်ပြီဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အကြွေးဆပ်လိုက်သည့် ငွေကျပ်တစ်သိန်းကို ရဲတပ်ဖွဲ့က သက်သေခံပစ္စည်းအဖြစ် ပြန်လည်သိမ်းဆည်းခဲ့သည်။

မွေးကင်းစ ကလေးကို ငွေကြေးဖြင့် ရောင်းချခဲ့သူ မလမင်းနှင့် ကလေးကို ဝယ်ယူ၍ တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားသူ ဒေါ်ရွှေရွှေသင်း (စုံစမ်းဆဲ) တို့ နှစ်ဦးကို အင်းစိန်မြို့မ ရဲစခန်းမှ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03


  • VIA