News

POST TYPE

NEWS

အားကစားစိတ်ဝင်စားသူများအတွက် ဂျာမနီနိုင်ငံမှ ပညာတော်သင်ခေါ်ယူ
19-Aug-2019



ရန်ကုန်၊ သြဂုတ် ၁၉

အားကစားစီမံခန့်ခွဲမှုနယ်ပယ်များတွင် လုပ်ကိုင်နေသူများအတွက် ဂျာမနီနိုင်ငံမှခေါ်ယူသော Sports Management in English 2020 Program ကို မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံရုံးတွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာနထံမှ သိရသည်။



ရွေးချယ်ခံရသူများအနေဖြင့် ဂျာမနီနိုင်ငံ Leipzig တက္ကသိုလ်တွင် ၂၀၂၀ ခုနှစ် မတ်လ ၃၀ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ ၄ လအကြာ သင်ယူရမည်ဖြစ်သည်။ လျှောက်လွှာ နောက်ဆုံးတင်ရမည့်ရက်ကို စက်တင်ဘာပထမအပတ်သတ်မှတ်ထားပြီး မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံရုံးသို့ လူကိုယ်တိုင်သွားရောက် လျှောက်ထားရမည်ဖြစ်သည်။

လူဦးရေကန့်သတ်ထားခြင်းမရှိဘဲ တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိသူ၊ အင်္ဂလိပ်စာ Intermediate (B1,C1) Level ရှိသူ၊ အသက် ၄၀ မကျော်သူ၊ ကျန်းမာရေးကောင်းမွန်သူနှင့် အားကစား စိတ်ဝင်စားသူများ၊ နည်းပြများနှင့် အားကစားစီမံခန့်ခွဲမှုနယ်ပယ်တွင် လုပ်ကိုင်နေသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။

ယင်းပညာသင်ဆုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ၀န်ကြီးရုံး (အားကစား) နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဌာနခွဲများ၊ တိုင်းနှင့်ပြည်နယ်များ၊ B.Sc (Sport) အပါအ၀င် အား/ကာသိပ္ပံကျောင်းများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ စိတ်ဝင်စားသူများလည်း လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာနထံမှ သိရသည်။

ပညာသင်ဆုအစီအစဉ်ဖြင့် သွားမည့်သူများသည် လေယာဉ်စရိတ် (အသွား/အပြန်) မှအပ နေထိုင်စားသောက်စရိတ်များ အားလုံးကို ဂျာမနီနိုင်ငံမှကျခံမည်ဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။ ဂျာမနီနိုင်ငံ Leipzig တက္ကသိုလ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျောင်းသားများကို နှစ်စဉ်ပညာသင်ဆု ချီးမြှင့်ပေးအပ်ခဲ့သည်။

ကျော်ဖြိုး