News

POST TYPE

NEWS

ဦးမျိုးရန်နောင်သိန်း ကို ပါတီတာဝန်မှ ရပ်ဆိုင်း
19-Aug-2019


နေပြည်တော်၊ ဩဂုတ် ၁၈

NLD ပါတီ သုတေသနအဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဦးမျိုးရန်နောင်သိန်းသည် မိမိအားပေးအပ်ထားခြင်းမရှိသည့် လုပ်ငန်းများကို လုပ်ဆောင်ခဲ့ခြင်းကြောင့် ပါတီတာဝန်မှ ရပ်ဆိုင်းသည့် ပြစ်ဒဏ်ကို ချမှတ်ခဲ့ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

နေပြည်တော် စည်ပင်ရိပ်သာတွင် ပြုလုပ်သည့် NLD ပါတီ၏ ဗဟိုအလုပ် အမှုဆောင် အစည်းအဝေးအပြီးတွင် အထက်ပါအတိုင်းမီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်စိုး၏ နုတ်ထွက်စာတင်ထားမှုကို အဆိုပါအစည်းအဝေးက လက်ခံအတည်ပြုခဲ့သည်။ 

ပါတီမှနုတ်ထွက်ရန် တင်ပြခဲ့သည့် ဦးအောင်စိုး (သရက်ချောင်းမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်) ကို ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းအနေနှင့် ပြောချင်စိတ်မရှိကြောင်းသာ ဖြေကြားခဲ့သည်။

ဦးအောင်စိုးသည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်၏ ဆွေမျိုးဖြစ်သည့်အတွက် ဝန်ကြီးချုပ်၏ အကတိလိုက်စားမှုနှင့် ပတ်သက်မှုရှိသည်ဟုလည်း ဝေဖန်မှုများရှိနေခဲ့သည်။

ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ပါတီဝင်များ၏ လစဉ်ကြေး၊ ရန်ပုံငွေ ခွဲဝေသုံးစွဲရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သင်တန်းပို့ချရေးကိစ္စနှင့် အဖွဲ့အစည်း၏ လစ်လပ်နေရာများတွင် အစားထိုးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ၆ လတစ်ကြိမ် ကျင်းပလေ့ရှိသည့် ဗဟိုကော်မတီအစည်းအဝေးများကို စက်တင်ဘာလတွင် ကျင်းပရန် တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

S-01


  • VIA