News

POST TYPE

NEWS

ကျောင်းသားများ ဆန္ဒပြခွင့်တောင်းရခြင်းကို ဆရာသမဂ္ဂ ကန့်ကွက်
19-Aug-2019
ရန်ကုန်၊ ဩဂုတ် ၁၈

တက္ကသိုလ်အတွင်းဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြလိုလျှင် သက်ဆိုင်ရာ အစိုးရဌာနအသီးသီးသို့ ဆန္ဒပြခွင့်တောင်းရမည်ဟု အဆင့်မြင့်ပညာဦးစီးဌာန၏ ညွှန်ကြားချက်ကိုကန့်ကွက်ကြောင်း တက္ကသိုလ်ဆရာသမဂ္ဂများ (ကိုယ်စားပြုကော်မတီ)က ဩဂုတ် ၁၇ ရက် ရက်စွဲဖြင့် သဘောထားထုတ်ပြန်သည်။

အဆင့်မြင့်ပညာဦးစီးဌာနက ကျောင်းသားများဆန္ဒပြလိုလျှင် သက်ဆိုင်ရာအာဏာပိုင်များကို ခွင့်ပြုမိန့် တောင်းရန်အတွက် သက်ဆိုင်ရာတက္ကသိုလ်ပါမောက္ခချုပ်များမှတစ်ဆင့် ကျောင်းသားများကိုအသိပေးရန် ဩဂုတ်လ ၁၃ ရက်စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန်ကာ စတင်တားမြစ်ခဲ့ခြင်းဖြစ်သည်။

ယင်းညွှန်ကြားချက်သည် ဒီမိုကရေစီ အစိုးရလက်ထက်တွင် ရုပ်ဆိုးအကျည်းတန်စေပြီး အစိုးရ၏ နိုင်ငံရေး အကျိုးစီးပွား အလို့ငှာ ကျောင်းဝင်းအတွင်း ကျောင်းသားများ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်တားမြစ်သည့် ညွှန်ကြားချက်ဖြစ်ကြောင်း အဆိုပါဆရာသမဂ္ဂများ ကိုယ်စားပြု ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယင်းညွှန်ကြားချက်သည် အခြေခံဥပဒေအရ ပေးထားသည့် အခွင့်အရေးများ၊ နိုင်ငံသားတိုင်း လွတ်လပ်စွာ ဟောပြော၊ စည်းရုံးခွင့်၊ ဆန္ဒပြခွင့် စသည်တို့ကို ပြန်ထိန်းချုပ်သကဲ့သို့ဖြစ်နေပြီး တက္ကသိုလ်တွင် လွတ်လပ်စွာပြောဆိုနိုင်၊ တွေးခေါ်နိုင်ကြောင်း၊ ယင်းအချက်များသည် တက္ကသိုလ်လွတ်လပ်ခွင့်ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ဆရာများ သမဂ္ဂဥက္ကဋ္ဌ ဦးလှမျိုးက ပြောကြားသည်။

“တက္ကသိုလ်ဆိုတာ ကိုယ့်ဘာကို သီးခြားအုပ်ချုပ်တဲ့နေရာဖြစ်တယ်။ အာဏာပိုင်ဆီကို အကြောင်းကြားရမယ်၊ ခွင့်ပြုချက် တောင်းရမယ်ဆိုတာ မလုပ်သင့် မလုပ်ထိုက်တဲ့ကိစ္စပါ”ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် တက္ကသိုလ်အတွင်း အရေးကိစ္စများကို ဆရာများနှင့် ကျောင်းသားများက လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ရှိပြီး မည်သည့် အာဏာပိုင် အဖွဲ့အစည်းမျှ ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိကြောင်း၊ ယင်းညွှန်ကြားချက်သည် ကျောင်းသားများနှင့် အာဏာပိုင်များကြား ထိပ်တိုက် ရင်ဆိုင်တွေ့ဆုံစေပြီး မလိုလားအပ်သော ပဋိပက္ခများ ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားသည်။

ခေတ်အဆက်ဆက်တွင် ကျောင်းသား၊ ဆရာတို့သည် မည်သည့်နိုင်ငံရေး အဖွဲ့အစည်းလက်အောက်ခံမျှ မဟုတ်ဘဲ လွတ်လပ်စွာ ရပ်တည်ခဲ့ပြီး တက္ကသိုလ်နယ်မြေအတွင်း လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခြင်းနှင့် လှုပ်ရှားဆောင်ရွက်မှုများတွင် မည်သည့် အာဏာပိုင် အဖွဲ့အစည်း၏ ခွင့်ပြုချက်ရယူရန်မျှမလိုကြောင်း သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အဆင့်မြင့်ပညာဦးစီးဌာန၏ ညွှန်ကြားချက်နှင့်ပတ်သက်၍ တက္ကသိုလ် ဆရာသမဂ္ဂများ (ကိုယ်စားပြုကော်မတီ) အနေနှင့် ပညာရေးဝန်ကြီးဌာနကို ၎င်းတို့၏သဘောထားထုတ်ပြန်ချက်အတိုင်း ဆက်လက် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

ကျော်ဖြိုး