News

POST TYPE

NEWS

စစ်ရေးလေ့ကျင့်မှုကြောင့် တောင်ကိုရီးယားနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်မြောက်ကိုရီးယား ပယ်ချ
18-Aug-2019


ပြုံယမ်း ဩဂုတ် ၁၇

မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့် နောက်ထပ်ဆွေးနွေးမည့် ကိစ္စမှန်သမျှကို ပယ်ချလိုက်ပြီး ထိုသို့ ဆုံးဖြတ်ခြင်းသည် တောင်ကိုရီးယား၏ လုပ်ရပ်အမှားကြောင့် ဖြစ်သည်ဟု အပြစ်ပုံချလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ပြုံယမ်းသည် တောင်ကိုရီးယား သမ္မတမွန်ဂျေးအင်၏ ကြာသပတေးနေ့က မိန့်ခွန်းအပေါ် တုံ့ပြန်သည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။ 

သောကြာနေ့အစောပိုင်းကလည်း အရှေ့ဘက်ကမ်းလွန် ပင်လယ်ထဲသို့ မြောက်ကိုရီးယားက ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ပြီး တစ်လမပြည့်မီ အချိန်အတွင်း ခြောက်ကြိမ်မြောက် စမ်းသပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုးလ်က ပြောကြားသည်။

အမျိုးအစားမသိရသော ဒုံးကျည် နှစ်စင်းသည် ၁၈ မိုင်အမြင့်အထိ ရောက်ရှိခဲ့ပြီး မိုင် ၁၄၀ အကွာအဝေးအထိ ပျံသန်းနိုင်ခဲ့သည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌက ပြောကြားသည်။

လွန်ခဲ့သော ခြောက်ရက်ကလည်း ဂျပန်ပင်လယ်ထဲသို့ တာတိုပစ် ဒုံးကျည် နှစ်စင်းကို မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့ပြီးဖြစ်သည်။ 

အဆိုပါဒုံးကျည်စမ်းသပ်မှုများသည် ဇွန်လက သမ္မတ ထရမ့်နှင့် ခေါင်းဆောင်လေး ကင်ဂျုံအန်းတို့ တွေ့ဆုံကာ ဆွေးနွေးပွဲများ ပြန်စကြရန် သဘောတူပြီးမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ကြာသပတေးနေ့က မိန့်ခွန်းတွင် သမ္မတမွန်ဂျေးအင်က ကိုရီးယားကျွန်းဆွယ်ကို ၂၀၄၅ နောက်ဆုံးထား၍ ပေါင်းစည်းမည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးသည် အခက်ခဲဆုံး ဆုံမှတ်တစ်ခုဖြစ်သည်ဟုလည်း ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားဘက်ကမူ စစ်ရေးလေ့ကျင့်မှု ပြုလုပ်လျက်ရှိသည့်အချိန်မျိုးတွင် ငြိမ်းချမ်းရေးစကား ထုတ်ပြောနေသည့် တောင်ကိုရီးယားခေါင်းဆောင်သည် အရှက်မရှိသူဖြစ်သည်ဟု ထိုးနှက်ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုအပေါ် အမျက်ထွက်မှုကို အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်သည်။

“နျူကလီးယား ဆွေးနွေးပွဲများ ရပ်တန့်နေခြင်းသည် တောင်ကိုရီးယား၏ အပြစ်ကြောင့်သာ ဖြစ်သည်။ တောင်ကိုရီးယား တာဝန်ရှိသူများနှင့် နောက်ထပ် တွေ့ဆုံဆွေးနွေးစရာ အကြောင်းမရှိ” ဟု မြောက်ကိုရီးယား KCNA သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် ဆွေးနွေးရေးကို ငြင်းဆန်လိုက်ခြင်းဖြင့် အမေရိကန်ပြည်ထောင်စုနှင့် တိုက်ရိုက်ဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်းကို အချက်ပြလိုက်ခြင်းဖြစ်သည်။

ပြုံယမ်းအနေနှင့် ဝါရှင်တန်၏ ခွင့်ပြုချက်မရဘဲ ဆိုးလ်ထံမှ မည်သည့် အပေးအယူမှ မရနိုင်ကြောင်းကို တွက်ချက် စဉ်းစားပြီး ဖြစ်သည့်အပြင် ယခုအခါ ခေါင်းဆောင်လေး ကင်ဂျုံအန်းသည် အိမ်ဖြူတော်နှင့် တိုက်ရိုက်ဆက်သွယ်ရန် လမ်းပေါက်နေပြီဖြစ်သည်။

ဝါရှင်တန်ကလည်း ပြုံယမ်းအား ထိုသို့ လမ်းဖွင့်ပေးထားရာ မကြာသေးမီကပင် ကင်ဂျုံအန်းထံမှ လှပသော စာတစ်စောင်ကို လက်ခံရရှိခဲ့သည်ဟု သမ္မတထရမ့်က ထုတ်ဖော်ပြောကြားခဲ့သည်။ 

F-04


  • VIA