News

POST TYPE

NEWS

သဲဖြူကုန်းမြေပြိုမှုတွင် သေဆုံးသူအလောင်း ၇၀ ဦးအထိ တွေ့ရှိ
17-Aug-2019
မော်လမြိုင်၊ ဩဂုတ် ၁၇

မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင် ဩဂုတ်လ ၉ ရက်နေ့က မြေပြိုမှုဖြစ်ပွားခဲ့၍ သေဆုံးသူများ၏ ရုပ်အလောင်းများကို တူးဖော်ရှာဖွေခဲ့ရာ ယနေ့(သြဂုတ်လ ၁၇ ရက်)အထိ သေဆုံးသူ ၇၀ ဦးရှိပြီဖြစ်ကြောင်း ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောကြားသည်။

“ရှာဖွေမှုမှာ မနေ့ကအထိ Dead Body ၆၉ လောင်း ရှာတွေ့တယ်။ ဒဏ်ရာရသူထဲက ဆေးရုံတက်နေရရင်းကနေ တစ်ဦးသေဆုံးတယ်ဆိုတော့ စုစုပေါင်း သေဆုံးသူက ၇၀ ဦးရှိသွားပြီ။ ဒီနေ့တော့ တစ်လောင်းမှ ထပ်မတွေ့သေးဘူး”ဟု ၎င်းကပြောဆိုသည်။

ရှာဖွေမှုတွင် ဒေသခံများက ညွန်ပြသည့်နေရာတွင် တူးဖော်ခြင်းနှင့် စက်ဖြင့်တည်နေရာရှာပြီးမှ တူးဖော်သည့်အတွက် ပိုမိုလွယ်ကူလာကြောင်း ၎င်းက ရှင်းပြသည်။

မလတ်တောင်နှင့်ပတ်သက်၍ နေပြည်တော်မှ ပညာရှင်များ လာရောက်၍ သုတေသနပြုမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း၊ ၎င်းတို့၏အစီရင်ခံစာကို သမ္မတထံသို့ တိုက်ရိုက်အစီရင်ခံမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

မြေပြိုမှုတွင် နေအိမ်ဆုံးရှုံးသွားသူများအားလုံးကို မွန်ပြည်နယ်အစိုးရက နေအိမ်များ ပြန်လည်ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုထားသည်။

R-21