News

POST TYPE

NEWS

အလုပ်ထုတ်ခံရသည့် စံပြငါးဈေး လုပ်သားများကို အလုပ်ပြန်ခန့်မည်
17-Aug-2019
ရန်ကုန်၊ ဩဂုတ် ၁၇ 
 
ကြည့်မြင်တိုင် စံပြငါးဈေးက အလုပ်ထုတ်ခံထားရသည့် ကုန်တင်ကုန်ချ အလုပ်သမားများကို မူလနေရာသို့ ပြန်ခန့်မည်မဟုတ်ဘဲ အလုပ်နေရာခွဲကာ အလုပ်ပြန်ခန့်အပ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ဩဂုတ် ၁၆ ရက်က ပြောသည်။

ကြည့်မြင်တိုင်မြို့နယ် ကုန်တင် ကုန်ချကော်မတီရုံး ငါးတောင်းဌာန(ခွဲ)အတွင်း လုပ်သားသစ်ခန့်ထားရာတွင် ငွေကြေးရယူခဲ့သည့် တာဝန်ရှိသူများကို တိုင်ကြားပြီးနောက် စုံခုံအဖွဲ့မှ အဂတိလိုက်စားမှု တွေ့ရှိခဲ့မှုများကို အရေးမယူခြင်းနှင့် ဆန္ဒထုတ်ဖော်တိုင်ကြားသူများကို ဌာနပြောင်းရွှေ့ခံနေရခြင်းကိစ္စများနှင့်ပတ်သက်၍ ဩဂုတ်လ ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးနောက် ဝန်ကြီးက ယခုကဲ့သို့ ပြန်လည်ပြောကြားခြင်းဖြစ်သည်။

“ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေ ထွက်လာတဲ့အဖြေပေါ်မှာ သုံးသပ်ချက်ကို ဆက်လက်ဆောင်ရွက်တယ်။ တိုင်းအစိုးရ အစည်းအဝေးက ဒီဝန်ထမ်းတွေသည် သူတို့ မူလဌာနကလွှဲပြီး ကျန်တဲ့ ကုန်တင် ကုန်ချအောက်မှာရှိတဲ့ ဌာနငါးခုမှာ ပြောင်းရွှေ့တာဝန်ထမ်းဖို့က ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေပေါ်မှာမူတည်ပြီး အကောင်းဆုံး ချမှတ်ပေးလိုက်တာဖြစ်တယ်”ဟု ဒေါ်မိုးမိုးစုကြည်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အလုပ်သမားတွေကို ခွဲတမ်းချသည့်နေရာမှာ ပြန်လည်ဆောင်ရွက်ရန်နှင့် အရေးယူဆောင်ရွက်ရမည့်ကိစ္စများကို လုပ်ဆောင်ရန် တိုင်းဦးစီးကို အကြောင်းထားပြီးဖြစ်ကြောင်း ဆက်လက်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ကုန်တင် ကုန်ချ ကော်မတီရုံးများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

အလုပ်ထုတ်ခံခဲ့ရသည့် အလုပ်သမားများက မူလနေရာမှာ ပြန်လည်ခန့်ထားရေး အပါအဝင် တောင်းဆိုချက်များကို ဝန်ကြီးချုပ်သို့လိပ်မူပြီး တင်ပြထားသည့်အတွက် အချိန် ၂ ပတ်စောင့်ကြည့်မည်ဖြစ်ကြောင်း၊ ၂ ပတ်ပြည့်သည့်တိုင် မထူးခြားပါက ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း စံပြငါးဈေး လုပ်သားများက ဩဂုတ်လ ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြားထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေါ်မိုးမိုးစုကြည်က “သူတို့လုပ်ပိုင်ခွင့် အခွင့်အရေးတွေပါ။ အစ်မတို့ တိုင်းအစိုးရကတော့ နေရာဌာနတစ်ခုတည်းမှာမဟုတ်ဘဲ အမြဲတမ်းခွဲပြီးတော့ ဆောင်ရွက်လုပ်ဖို့ ဆုံးဖြတ်ချက်က မနေ့က ချထားပါတယ်။ သူတို့ဆန္ဒဖော်ထုတ်ချင်တာကတော့ ကာယကံရှင်တွေရဲ့ဆန္ဒပါ”ဟု ပြောသည်။