News

POST TYPE

NEWS

ရွာသားများကို ပါးရိုက်ဆုံးမသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖယ်ရှားပေးရန်တိုင်ကြား
17-Aug-2019
ရန်ကုန်၊ သြဂုတ် ၁၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်ရှိ ဇွဲကနာကျေးရွာတွင် ပါးရိုက်ဆုံးမခံရသူများက ၎င်းတို့ရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖယ်ရှားပေးပါရန် သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူများထံ တိုင်ကြားထားကြောင်း ယင်းမြို့နယ်မှ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူထံမှ သိရသည်။

“ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျမတို့ဆီ တိုင်ကြားထားတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ စာတွေတော့ မရောက်လာသေးဘူး။ ပြီးတော့ ကျမကိုယ်တိုင်လဲ လက်ရှိ မွန်ပြည်နယ်က ရေဘေးဒုက္ခသည်တွေဆီ ကူညီထောက်ပံ့မှုတွေ သွားရောက်ကူညီလုပ်ဆောင်ပေးနေတာမို့ နောက်ဆက်တွဲဖြစ်စဉ်ကို ရန်ကုန်ပြန်ရောက်လာမှပဲ သိရလိမ့်မယ်”ဟု ဒေါ်သက်သက်မူက ရှင်းပြသည်။

ပါးရိုက်ဆုံးမခံရသူများမှာ ဇွဲကနာကျေးရွာတွင် နေထိုင်သူများဖြစ်သော ဦးဘီးတီးယား (၃၆ နှစ်)မှာ အရက်မူးစဉ် စကားများရန်ဖြစ်ခဲ့သောကြောင့် ကျေးရွာအုပ်ချုပ်မှူးရုံးထံ သွားရောက်ဖြေရှင်းစဉ် အုပ်ချုပ်ရေးမှူးက ၎င်းအား ပါးတစ်ချက်ရိုက်ခဲ့ကြောင်းနှင့် ဦးဘီးတီးယားမှ အုပ်ချုပ်ရေးမှူးထံ ငွေတစ်ထောင်ကျပ် ချေးငှားသဖြင့် ပါးတစ်ချက် ထပ်မံ ရိုက်ခံရပြီး ဒဏ်ငွေကျပ် တစ်သောင်းပေးဆောင်ခိုင်းခဲ့ကြောင်း တိုင်ကြားချက်အရ သိရသည်။

ယင်းနောက် ပါးရိုက်ဆုံးမခံရသူထဲတွင် ပါဝင်သူ ဦးမာလီမူသူး (၅၁ နှစ်)မှာ ယမန်နှစ်က အရက်ဆိုင်တွင် ယောက္ခမဖြစ်သူနှင့် စကားများရန်ဖြစ်ခဲ့ပြီးနောက် နေအိမ်တဲသို့ ပြန်လာစဉ် ယောက္ခမက ကျေးရွာအုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့သောကြောင့် ရုံးသု့ိ သွားရောက်ဖြေရှင်းခဲ့ရပြီး ပါးသုံးချက်ရိုက်၍ ဆုံးမမှုကိုခံယူခဲ့ရကြောင်း၊ ဦးမရမ်းသီးမှာလည်း ယမန်နှစ်က ဇနီးနှင့်စကားများပြီးနောက် လယ်တဲသို့သွားစဉ် အုပ်ချုပ်ရေးမှူးက နောက်မှလိုက်လာပြီး ၎င်း၏ဇတ်ပိုးကိုရိုက်၍ ဘာကြောင့်ရိုက်တာလဲဟုမေးမြန်းစဉ် ပါးရိုက်ခံရကြောင်း တိုင်ကြားချက်အရ သိရသည်။ 

ထိုပြင် ဇွဲကနာကျေးရွာတွင် နေထိုင်သော ကိုအောင် (၃၁ နှစ်)မှာလည်း ယခုနှစ် ဇူလိုင်လက လယ်မြေအတွင်း ရေနုတ်မြောင်းဖောက်သည့်ကိစ္စနှင့်ပတ်သက်၍ လယ်သမားချင်း စကားများရန်ဖြစ်ခဲ့သောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်းတွင် အများရှေ့၌ ဝါးယားပိုင်းဖြင့် ရိုက်နှက်ဆုံးမမှုကိုခံခဲ့ရသောကြောင့် နစ်နာခဲ့သည်ဟုဆိုသော ကျေးရွာသားလေးဦးက သြဂုတ် ၁၂ ရက်နေ့က မြို့နယ် NLD ဥက္ကဋ္ဌနှင့် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူတို့ထံ သွားရောက်တိုင်ကြားခဲ့သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ခန့်အပ်ပေးရန် ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့ထံ တိုင်ကြားစာများကို ပေးပို့ထားကြောင်း တိုင်ကြားသူများထံမှသိရှိရပြီးနောက် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဇွဲကနာကျေးရွာအုပ်ချုပ်ရေးမှူး၏ လက်ကိုင်ဖုန်းနံပါတ်နှစ်ခုထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းခေါ်ဆို၍မရခဲ့သဖြင့် ကျေးရွာနေသူများထံစုံစမ်းမေးမြန်းရာ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးထံ အမှုတွဲများ ပြန်တင်ပေးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ရှင်းလင်းရန် စီစဉ်နေကြောင်း သိရှိရသည်။

S-03