News

POST TYPE

NEWS

မွန်တွင် သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှု ကျပ်သန်း ၁၂၀၀ ကျော်ရှိ
15-Aug-2019



မော်လမြိုင်၊ ဩဂုတ် ၁၅

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးခြင်းနှင့် မြေပြိုခြင်းသဘာဝဘေးကြောင့် ဩဂုတ်လ ၉ ရက်နေ့မှစ၍ ဩဂုတ်လ ၁၃ ရက်နေ့အထိ မြို့နယ် ၉ ခုတွင် စုစုပေါင်းပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်း ၁၂၀၀ ကျော် ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ပျက်စီးဆုံးရှုံးမှုတွင် မော်လမြိုင်ခရိုင် (မော်လမြိုင်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်) တွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁၀၀၆၃၃၉၀၀၀ သိန်းရှိကြောင်း၊ သထုံခရိုင်ဖြစ်သည့် (ပေါင်မြို့နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်) တို့တွင် စုစုပေါင်းပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း ၁၉၄၆၃၀၀၀၀ သိန်းရှိရာ စုစုပေါင်း တစ်ပြည်နယ်လုံးတွင် ကျပ်သန်း ၁၂၀၀ ကျော်ရှိကြောင်း ပြည်နယ်အစိုးရ၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

အဆိုပါပျက်စီးဆုံးရှုံးမှုစာရင်းတွင် လယ်ယာမြေ နစ်မြုပ်မှုများမပါဝင်သေးကြောင်း၊ ထို့ပြင် လမ်းနှင့် တံတားပျက်စီးဆုံးရှုံးမှု အချို့နေရာများ၏ စာရင်းများကို စိစစ်ဆဲကာလဖြစ်၍ ဆက်လက်ပြုစုလျက်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ပျက်စီးဆုံးရှုံးမှုတွင် ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေရွာတွင် မြေပြိုမှုကြောင့် အမျိုးသား ၃၇ ဦး၊ အမျိုးသမီး၂၉ ဦး စုစုပေါင်း ၆၆ ဦးသေဆုံးခဲ့ပြီး အခြားမြေပြိုမှုကြောင့် ဆရာတော် ၂ ပါး ပျံလွန်တော်မူသွားသည့်အတွက် စုစုပေါင်း သေဆုံးမှုမှာ ၆၈ ဦး ရှိခဲ့သည်။

“ဒီစာရင်းတွေကတော့ ကနဦးစာရင်းဖြစ်ပါလိမ့်မယ်၊ ဘာလို့လည်းဆိုတော့ နောက်ထပ် ထပ်တက်လာနိုင်တဲ့ စာရင်းတွေရှိဦးမှာပါ၊ ဒီထဲမှာ လယ်ယာမြေနစ်မြုပ်မှုနဲ့ပတ်သက်ပြီးတော့လည်း ပျက်စီးဆုံးရှုံးမှုစာရင်းတွေ မပါသေးဘူး” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောဆိုသည်။

မိုးရွာသွန်းမှုကြောင့် ကျိုက်မရောမြို့နယ် အတ္ထရံမြစ်ရေးတက်သည့်အတွက် ကွင်းပေါင်း ၁၈၅ ကွင်း ရေနစ်မြုပ်သွားကြောင်း၊ ရေလွှမ်းမိုးသည့် ဧရိယာမှာ (၁၇၂၁၃) ဧက ရှိကြောင်း၊ ရေးမြို့နယ်တွင်လည်း ကျေးရွာအုပ်စု ၅ ခုရှိ ကွင်းပေါင်း ၁၇ ခု တွင် မိုးစပါးစိုက်ပျိုးဧရိယာ ၁၄၂၅ ဧက ရေလွှမ်းမိုးခဲ့ရကြောင်း အစိုးရ၏စာရင်းများအရ သိရသည်။

R-21