News

POST TYPE

NEWS

ဂျပန် ကျိုတိုဘုရားကျောင်းတွင် ရိုဘော့စက်ရုပ် ရဟန်းကို ထားရှိ
15-Aug-2019


ကျိုတို၊ ဩဂုတ် ၁၄

ဂျပန်နိုင်ငံ၏ နှစ်ပေါင်းလေးရာ သက်တမ်းရှိဘုရားကျောင်းသည် ကိုးကွယ်မှု ပုံစံကို ပြောင်းလဲသွားစေမည်ဟု ယူဆရသော ရိုဘော့ရဟန်းကိုထားရှိကာ ဗုဒ္ဓဘာသာ အပေါ် စိတ်ဝင်စားမှု မြင့်တက်လာစေရန် ကြိုးစားနေသည်ဟု CNA သတင်းတွင် ဖော်ပြထားသည်။

ဝေဖန်သူများက ဖရန်ကင်စတိန်း စက်ရုပ်ဟု ရှုတ်ချနေကြသော်လည်း Android စနစ်သုံး ရိုဘော့ရဟန်း ကန်နွန်သည် ကျိုတိုရှိ ကိုဒါဂျိဘုရားကျောင်းတွင် တရားစာများကို ရွတ်ဆိုပူဇော်လျက်ရှိပြီး ဉာဏ်ရည်တုနည်းပညာ ထည့်သွင်းထားမှု ကြောင့် တစ်နေ့တွင် အကန့်အသတ်မဲ့ ပညာဉာဏ်ကို ရရှိသွားနိုင်သည်ဟု ဘုရားကျောင်းမှ လူသားရဟန်းများက ပြောကြားသည်။

“ဒီရိုဘော့က ဘယ်တော့မှ မသေတော့ဘူး။ သူ့ကိုယ်သူ အမြဲတမ်းမြှင့်တင်နေပြီး တိုးတက်ဖြစ်ပေါ်နေမှာ ဖြစ်ပါတယ်။ သူက ရိုဘော့ရဲ့ အလှတရားတစ်ခုပါ။ ဗဟုသုတတွေကို အမြဲတမ်းအတွက် အကန့်အသတ်မရှိ သိုမှီးထားနိုင်တယ်လေ။ ဉာဏ်ရည်တုကြောင့် လူတွေကို အခက်ခဲဆုံး ဒုက္ခတွေကနေ ကျော်လွှားနိုင်အောင် ကူညီပေးနိုင်မယ့် ပညာဉာဏ် ဖွံ့ဖြိုးလာလိမ့်မယ်”ဟု ဘုန်းတော်ကြီး တင်ရှိုဂိုတိုက ပြောကြားသည်။

အရွယ်ရောက်လူကြီးတစ်ဦး အရွယ်အစားရှိသော ရိုဘော့ကန်နွန်သည် ယခုနှစ် အစောပိုင်းတွင် တာဝန်စတင်ထမ်းဆောင်ခဲ့ပြီး ၎င်း၏ ကိုယ်လုံး၊ လက်နှင့် ဦးခေါင်းတို့ကို လှုပ်ရှားနိုင်စွမ်းရှိသည်။

သို့ရာတွင် ၎င်း၏ လက်၊ မျက်နှာနှင့် ပခုံးတို့ကိုသာ လူ့အရေပြားနှင့်တူသည့် ဆီလီကွန်ဖြင့် ဖုံးအုပ်ပေးထားသည်။ ရှိခိုးပူဇော်ရန် လက်နှစ်ဖက်ကို ယှက်ထားပြီး နူးညံ့သည့်လေသံဖြင့် ပြောဆိုတတ်သော ရိုဘော့ကန်နွန်၏ ကျန်အစိတ်အပိုင်းများကိုမူ ရှင်းလင်းစွာ ထွင်းဖောက်မြင်နိုင်သည်။

ရိုဘော့ကန်နွန်ကို ကျား/မ ခွဲမထားဘဲ အလူမီနီယမ်သတ္တုဖြင့် တည်ဆောက်ထားပြီး အတွင်းမှ ဝါယာများနှင့် ဦးခေါင်းပိုင်းအတွင်းမှ မှိတ်တုတ်မှိတ်တုတ် မီးလုံးများကို တွေ့မြင်နိုင်သည်။ ဝဲဘက်မျက်လုံးတွင် ဗီဒီယိုကင်မရာကို ထည့်သွင်းမြှုပ်နှံထားသည်။

ရိုဘော့ရဟန်းကို ဇင်ဘုရားကျောင်းနှင့် အိုဆာကာတက္ကသိုလ်မှ စက်ရုပ်နည်းပညာ ပါမောက္ခ ဟီရိုရှီအီရှီဂူရိုတို့ ပူးတွဲအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ဒေါ်လာတစ်သန်း ကုန်ကျခဲ့သည်။

သို့ရာတွင် ထိုစက်ရုပ်သည် ကိုးကွယ်ယုံကြည်မှုဘာသာတရား၏ သန့်စင်မြင့်မြတ်မှုကို ပျက်ပြားစေသည်ဟု နိုင်ငံခြားသား ဧည့်သည်အများစု၏ ပြစ်တင်ဝေဖန်မှုကို ခံနေရသည်။ ဂျပန်ဘုရားဖူးများကမူ အပြုသဘော တုံ့ပြန်ကြသည်ဟု ဘုန်းတော်ကြီး ဂိုတိုက ပြောကြားသည်။

စက်ရုပ်ရဟန်းသည် ဘာသာတရားကို ချိုးဖောက်သည့် အပြစ်ရှိသည်ဆိုသော စွပ်စွဲမှုများကို ဘုန်းကြီးဂိုတိုက ငြင်းဆန်သည်။ စက်ရုပ်မှာ စိတ်ဝိညာဉ်မရှိပါဟု ၎င်းက ဆိုသည်။

“တကယ်တော့ ဗုဒ္ဓဘာသာကိုးကွယ်တယ် ဆိုတာက ဘုရားရဲ့ အဆုံးအမကို လိုက်နာကြတာပါ။ ဒီနေရာမှာ စက်ရုပ်ပဲဖြစ်စေ၊ သံသတ္တုသွန်းလောင်းထားတာဖြစ်စေ၊ သစ်သားပန်းပုဖြစ်စေ ဘယ်အရာဝတ္ထုကပဲ ကိုယ်စားပြုပါစေ ဒါက ကိစ္စမရှိပါဘူး”ဟု ဂိုတိုက မှတ်ချက်ပေးသည်။ 

F-04


  • VIA