News

POST TYPE

NEWS

သွေးလွန်တုပ်ကွေးရောဂါ ခုနစ်လအတွင်း ဖြစ်ပွားသူ တစ်သောင်းကျော်ရှိ၊ ၄၈ ဦးသေဆုံး
14-Aug-2019
ရန်ကုန်၊ ဩဂုတ် ၁၄

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ ၂၇ ရက်နေ့အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀,၇၅၇ ဦးရှိပြီး သေဆုံးသူ ၄၈ ဦးအထိရှိကာ ဧရာဝတီ တိုင်းဒေသကြီးတွင် အဖြစ်များကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါသည် ဧရာဝတီတိုင်းဒေသကြီးတွင် ဖြစ်ပွားသူ ၁၉၇၄ ဦးနှင့် သေဆုံးသူ ၅ ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားသူ ၁၇၈၈ ဦးနှင့် သေဆုံးသူ ၁၅ ဦးဖြင့် ဒုတိယနေရာတွင် ရှိနေပြီး ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အဖြစ်များကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီတွင်ဖြစ်ပွားမှုများသော်လည်း အချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တစ်နှစ်ပတ်လုံး ဖြစ်ပွားလျက်ရှိကြောင်း၊ ယင်းရောဂါသည် အသက် ၁၅ နှစ်အောက် ကလေးများတွင် အများဆုံးဖြစ်ပွားတတ်သော်လည်း ယခုအခါတွင် အသက်အရွယ်မရွေး ဖြစ်ပွားလျက်ရှိကြောင်း၊ ထို့ပြင် သွေးလွန်တုပ်ကွေး အဖျားသည် ပုံမှန် ရာသီအကူးအပြောင်းတွင် ဖြစ်တတ်သည့် တုပ်ကွေးရောဂါ လက္ခဏာများနှင့် ကွာခြားမှုမရှိသောကြောင့် ဖျားနာခြင်းများ ဖြစ်ပေါ်ပါက သွေးလွန်တုပ်ကွေးရောဂါဖြစ်နိုင်ခြေကို စဉ်းစားရန်လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေး နှိုးဆော်ထားသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါသည် လူဦးရေများလာခြင်း၊ ကူးလူးဆက်ဆံမှုများလာခြင်း၊ ရာသီဥတုပူနွေးလာခြင်း၊ ရေသိုလှောင်သုံးစွဲခြင်း စသည့်အချက်များကြောင့် ပို၍ဖြစ်ပွားလာခြင်းဖြစ်ပြီး ခြင်ကျားနှင့် ပိုးလောက်လန်း ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအတွက် လူထုအနေနှင့် ပို၍ပါဝင်ရန်လိုအပ်ကြောင်း၊ ထို့ပြင် ခြင်ကျား၊ လောက်လန်း နှိမ်နင်းရေး ရက်သတ္တပတ်များကို မိုးရာသီကုန်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးစီမံချက်ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါသည် ၁၉၆၄ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့ပြီး ၁၉၇၀ ခုနှစ်တွင် ရန်ကုန်တိုင်း၌ ပထမဆုံးကပ်ရောဂါ အသွင်ဖြစ်ပွားခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အများဆုံးသေဆုံးခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ရောဂါဖြစ်ပွားသူ ၄၂,၉၁၃ ဦး၊ ၂၀၁၇ ခုနှစ်တွင် ရောဂါဖြစ်ပွားသူ ၃၁,၂၈၈ ဦးရှိပြီး သေဆုံးသူ ၁၉၂ ဦးရှိကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ရောဂါဖြစ်ပွားသူ ၂၃,၂၇၃ ဦးနှင့် သေဆုံးသူ ၁၁၂ ဦးရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

J-12