News

POST TYPE

NEWS

မင်းတပ် NLD ပါတီရုံး နေရာသစ်ရရှိမှသာ ပြောင်းရွှေ့တည်ဆောက်မည်
14-Aug-2019
ကလေး၊ ဩဂုတ် ၁၄

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ခရိုင်ရုံးတည်ဆောက်မှုတွင် ကန့်ကွက်မှုများရှိနေသဖြင့် ယင်းမြေနေရာတွင် ဆက်လက် တည်ဆောက်ခြင်းပြု မပြုသည် မြေနေရာအသစ်ရရှိခြင်းအပေါ် မူတည်နေကြောင်း ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌတစ်ဦးလည်းဖြစ်၊ မင်းတပ်မြို့နယ် ပါတီဥက္ကဋ္ဌလည်းဖြစ်သူ ဦးတိတ်ထန်းက ပြောကြားသည်။

မင်းတပ်ခရိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံး တည်ဆောက်နေသည့်နေရာသည် မင်းတပ်မြို့နယ်၊ စံပြရပ်ကွက် ကွက်စိပ် (၉) ဦးဝမ္မသုမောင်လမ်း မြေကွက်အမှတ် (၆၄) နေရာတွင် ဖြစ်သည်။

ယင်းနေရာသည် မြေအောက်ရေ ထွက်ရှိသည့်နေရာဖြစ်ခြင်း၊ ထွက်ရှိလာသည့်ရေများကို ရပ်ကွက်နေပြည်သူများက သုံးစွဲကြခြင်းကြောင့် အဆောက်အအုံ ဆောက်ပါက ရေအရင်းအမြစ်ဆုံးရှုံးမည်ကို စိုးရိမ်သည့်အတွက် တည်ဆောက်မှု မပြုလုပ်ရန် ကန့်ကွက်မှုများရှိခဲ့သည်။

ယင်းသို့ ကန့်ကွက်မှုများရှိခဲ့ပြီးနောက် သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် ဩဂုတ်လ ၆ ရက်နေ့ ရက်စွဲဖြင့် ခွင့်ပြုခဲ့ပြီးနောက် မြေအောက်ရေ ထွက်ရှိလာသဖြင့် အဆောက်အအုံ ဆက်လက်တည်ဆောက်ခြင်းမပြုဘဲ ယာယီရပ်နားထားရန် မြို့နယ်စည်ပင်သာယာရေးကော်မတီက ဩဂုတ်လ ၉ ရက်နေ့တွင် စာထုတ်ကာတားမြစ်ခဲ့သည်။

ယင်းသို့တားမြစ်ခဲ့ပြီးနောက် ယင်းနေရာတွင် ဆက်လက်တည်ဆောက်ရန်မှာ မြေနေရာအသစ်ရရှိခြင်း မရရှိခြင်းအပေါ် မူတည်နေကြောင်း ဦးတိတ်ထန်းက ပြောဆိုသည်။

“နေရာမရသေးဘဲနဲ့ ရွှေ့ဆောက်ဖို့ကတော့ မဖြစ်သေးဘူး။ မြေနေရာပေးတယ်။ ဒီနေရာမှာ ဆောက်ပါဆိုရင်တော့ တစ်မျိုးပေါ့။ မြို့နယ်ခရိုင် အားလုံးကွင်း ဆင်းပြီးမှ မှန်ကန်ပါတယ်ဆိုတဲ့ အထောက်အထားတွေနဲ့ သူတို့က ဒီနေရာ ခွင့်ပြုတာဖြစ်ပါတယ်။ အခုလောလောဆယ်ကတော့ ငွေအများကြီးလည်း ကုန်ကျပြီးသားနေရာဖြစ်လို့ တခြားနေရာလည်း မရသေးဘူး။ အခုအခြေအနေအရဆိုရင်တော့ ဒီနေရာပဲ ဦးတည်နေပါတယ်”ဟု ချင်းပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ ဦးတိတ်ထန်းက ပြောဆိုသည်။

ယာယီရပ်နားထားရသည့်နေရာတွင် ဆက်လက်တည်ဆောက်ရန်အတွက် မြေအောက်ရေထွက်ရှိသည့် အနေအထား၊ ရေကိုသုံးစွဲသူဦးရေ အမှန်တကယ် သုံးစွဲနေကြခြင်းဟုတ် မဟုတ် ဆိုသည်ကိုလည်း အဖွဲ့စုံဖြင့် မကြာခင် ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်မည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

R-20