News

POST TYPE

NEWS

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် GAP သရက်သီး အရောင်းစင်တာ ဖွင့်လှစ်ရန်စီစဉ်
14-Aug-2019
ရန်ကုန်၊ ဩဂုတ် ၁၄

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် သစ်သီးအရောင်းကွင်းတွင် GAP (စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ) သရက်သီးနှံအရောင်းစင်တာတစ်ခု ဖွင့်လှစ်ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ပြောကြားသည်။

အရောင်းစင်တာတစ်ခု ဖွင့်လှစ်ပါက လုပ်အား၊ ငွေအားများသောကြောင့် အချိန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး စင်တာဖွင့်လှစ်ရန်အတွက် GAP စိုက်ပျိုးသည့် တောင်သူများနှင့် မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်တို့အကြား မူအားဖြင့်သဘောတူညီထားကြောင်း ယင်းကုန်စည်ဒိုင်ထံမှ သိရသည်။

“ပြီးခဲ့တဲ့နှစ်တွေတုန်းက မူဆယ်ကိုရောက်လာတဲ့ GAP သရက်သီး အရေအတွက်က နည်းသေးတယ်။ GAP သရက်သီးများလာရင်တော့ စင်တာလုပ်ဖို့ဝန်မလေးပါဘူး။ လုပ်ပေးဖို့လည်း မူအားဖြင့် သဘောတူပြီးပြီ။ သရက်သီး အရေအတွက်အပေါ်မူတည်ပြီး စင်တာပုံစံ လုပ်ပေးမလား၊ မနှစ်ကနဲ့မတိမ်းမယိမ်းဆိုရင် ပွဲရုံတွေမှာ စင်တာအသေးစားလေးတွေပဲ လုပ်ပေးမယ်”ဟု ၎င်းကပြောဆိုသည်။

ပြီးခဲ့သည့် သရက်သီးရာသီဖြစ်သည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လ လဆန်းပိုင်းအထိ မူဆယ် ၁၀၅ မိုင်သို့ လာရောက်ရောင်းချသည့် GAP သရက်သီးကားအစီးရေ ၂ စီးခန့်သာရှိပြီး အခြားသရက်အမျိုးအစားအစုံမှာ အစီးရေ ၆၀၀၀ ကျော်ရှိသောကြောင့် GAP သရက်သီးအရေအတွက်အပေါ် မူတည်၍ အရောင်းစင်တာ သို့မဟုတ် ပွဲရုံများတွင် တစ်ပိုင်တစ်နိုင် အသေးစားပွဲရုံလေးများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်ထံမှ သိရသည်။

ဩဂုတ်လ ၁၀ ရက်နေ့ကလည်း GAP (စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ) အကြောင်း အသိပညာပေးခြင်းနှင့် GAP သရက်သီးနှံ အရောင်းစင်တာတစ်ခု ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံမှ ကုန်သည်များကိုလည်း GAP သရက်သီးနှံများရောင်းချနိုင်ရန်အတွက် ပြီးခဲ့သည့်ရာသီက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့်ပတ်သက်၍ ရှင်းပြရောင်းချပေးခဲ့ပြီး ပြီးခဲ့သည့်နှစ်က သရက်သီးဝယ်လို အားကောင်းခဲ့ကြောင်း မူဆယ် ၁၀၅ မိုင်ရှိ သရက်သီးကုန်သည်များထံမှ သိရသည်။

J-11